နူးကမ့်မှာ ဘာစီလိုနာကို အနိုင်ကန်ပြီး ပြန်လာခဲ့သင့်ပေမယ့် မန်ယူအသင်း သရေနဲ့သာ ကျေနပ်ခဲ့ရ
မနေ့ညက နူးကမ့်မှာ ဘာစီလိုနာ ကို မန်ယူအသင်း သွားရောက် ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် ပွဲဟာ ပထမပိုင်းမှာ တည်းက ဝက်ဟော့တ်၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ အပိုင်အခွင့်အရေးတွေသာ ဂိုးဝင်မယ်ဆိုရင် ယူနိုက်တက်တို့ နိုင်ပွဲနဲ့ အိမ်ပြန်လာခွင့်ရဖို့ သေချာသလောက်ရှိသွားမှာပါ။
နူးကမ့်မှာ ယူနိုက်တက်တို့ စုစည်းမှုအားကောင်းကောင်းနဲ့ ဘာစီလိုနာကို ရင်ဆိုင်ခဲ့ပြီး အိမ်ရှင်အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ကစားပုံကလည်း တော်တော်လေး အားနည်းလွန်းတယ်။
ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ ရလဒ်ကောင်းနေပေမယ့် ဥရောပပြိုင်ပွဲတွေမှာတော့ မထင်မှတ် လောက်အောင်ပဲ နှစ်သင်းခွဲထားသလို ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်းက အားရစရာ မရှိပါဘူး။

ကျစ်လျစ်မှုမရှိတဲ့ ကစားဟန်ကြောင့်ပဲ ချန်ပီယံလိဂ်အုပ်စုကနေ (၂)ရာသီဆက်တိုက် ထွက်ခဲ့ရသလို အခု ယူနိုက်တက်နဲ့ ပွဲမှာလည်း သရေကျအောင် အသည်းအသန်ကစားခဲ့ရပြန်တယ်။
ယူနိုက်တက် ပစ်မှတ် ဖရန်ကီဒီယွန်းဟာ သူ့ကို မခေါ်ချင်အောင် တမင်ကစားပြနေလားလို့ ထင်ရလောက်အောင် တစ်ပွဲလုံး ပျောက်နေပြီး လူငယ်ကစားသမားလေး ဂါဗီကတော့ ဒီပွဲမှာ ဘောလုံးလာကန်တာလား၊ အသင်းအတွက် ပြစ်ဒဏ်ဘော ရအောင်လာယူပေးနေတာလားဆိုတာ မကွဲပြားပါဘူး။
ကတ်စ်မဲရိုး ပြန်လာတဲ့ ယူနိုက်တက်ကွင်းလယ်က တည်ငြိမ်မှုရှိသလို ဖရက်ဒ်ကလည်း တစ်ပွဲလုံး ရုန်းအား ကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။
မိနစ်(၃၀)လောက်အထိ ဘာစီလိုနာတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ပြီး ဂိုးသွင်းခွင့် တချို့ရပေမယ့် လီဝန်ဒေါစကီးရဲ့ ကန်ချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ယူနိုက်တက် ကစားပုံ တည်ငြိမ်လာပြီး ဘာစီလိုနာကို အပြန်အလှန် ဖိအားပေးနိုင်ခဲ့တယ်။
အဲရစ်တန်ဟက်က ဒီပွဲမှာ (၄-၁-၄-၁)ကစားကွက်ခင်းခဲ့ပြီး လိဒ်စ်နဲ့ပွဲ၊ ဒုတိယပိုင်းကလို တိုက်စစ်မှူးဝ က်ဟော့တ်ကို No 10 Role အဖြစ် အသုံးပြုခဲ့တယ်။

ဝက်ဟော့တ်ရဲ့ အပိုင်ကန်ချက်၊ ဘယ်ခြမ်းကနေ ရပ်ရှ်ဖို့ဒ် ဆွဲပြေးပြီး ကန်သွင်းခဲ့တာကို ဘာစီလိုနာဂိုးသမားတာစတီဂန် လက်စွမ်းပြ ကာကွယ်နိုင်တဲ့အတွက် ယူနိုက်တက် နစ်နာခဲ့တယ်လို့ပြောရပါမယ်။
ဒုတိယပိုင်းစပြီး (၅)မိနစ်လောက်မှာပဲ ဘာစီလိုနာ အဖွင့်ဂိုးရခဲ့ပြီး ရာဖင်ဟာရဲ့ ထောင့်ကန်ဘောကနေ မားကို့စ် အလွန်ဆိုက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ (၂)မိနစ်အကြာမှာပဲ ဖရက်ဒ်က ပြေးလမ်းကြောင်းထဲကို အလိုက်သင့် ခင်းပေးလိုက်တာကနေ ရပ်ရှ်ဖို့ဒ် ဆွဲပြေးပြီးတော့ ဂိုးသမား ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့တာကြောင့် ယူနိုက်တက် ချေပဂိုးရခဲ့တယ်။
(၅၉)မိနစ်မှာ ညာခြမ်းကနေ ရပ်ဖို့ဒ် တစ်ဦးချင်းစွမ်းရည်နဲ့ ပယ်နယ်တီဧရိယာထဲ ဆွဲပြေးပြီး ချိုးပေးလိုက်တာကနေ ဘာစီလိုနာ နောက်ခံလူ ခွန်ဒဲလ်နဲ့ ထိပြီးတော့ ဂိုးဝင်သွားလို့ ယူနိုက်တက် ဒုတိယဂိုးရခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဘာစီလိုနာအသင်းဟာ အပိုင်ဂိုးသွင်းခွင့်တွေရပေမယ့် ဒီဂီယာ လက်စွမ်းပြကာကွယ်နိုင်တာရယ်၊ ကံဆိုးပြီး တိုင်ထိထွက်တာရယ်ကြောင့် ဂိုးမရဘဲ (၇၆)မိနစ်မှာ ရာဖင်ဟာ ဂိုးရှေ့ကန်တင်ပေးလိုက်တာကနေ ဝေ့ဝိုက်ပြီး ဂိုးထဲဝင်သွားလို့ ဘာစီလိုနာ ချေပဂိုးပြန်ရခဲ့တာပါ။
ဒီပွဲမှာ သရေကျခဲ့ပေမယ့် ယူနိုက်တက်ခြေစွမ်းကတော့ အားရစရာကောင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်ကျော့ပြန်ပွဲထွက်ခွင့် ပြန်ရနေတဲ့ ဆန်ချိုရဲ့ ခြေစွမ်းက တည်ငြိမ်မှုမရှိသေးတာကို တွေ့ရပြီး ဝက်ဟော့တ်ကလည်း No 10 Role နဲ့ သိပ် အလုပ်မဖြစ်သေးပါဘူး။
ဘာပဲပြောပြော နူးကမ့်ကွင်းမှာ သရေခံကစားနိုင်တာက ယူနိုက်တက်အတွက် အားသာချက်ဖြစ်ပြီး နောက်တစ်ဆင့် တက်နိုင်ဖို့ ဒုတိယအကျော့ အိုးလ်ထရက်ဖို့ဒ်မှာတော့ မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပါတယ်။