ဘာစီလိုနာနဲ့ နည်းပြ ဇာဗီ အတွက် ကြိုတွက်တဲ့ အတိုင်း အိပ်မက်ဆိုး ဖြစ်နေတဲ့ မန်ယူကြယ်ပွင့် ရပ်ရှ်ဖို့ဒ်
မန်ယူနဲ့ ကန်မယ့် ယူရိုပါလိဂ် ပွဲ မတိုင်ခင်မှာ ဘာစီလိုနာ နည်းပြ ဇာဗီ က “ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိဥရောပရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲမှာ ပါဝင်နေပါပြီ။ သူက လျင်မြန်တဲ့အပြင် ပြိုင်ဘက်ကို တစ်ယောက်ချင်းကျော်ဖြတ်နိုင်တဲ့သူဖြစ်တာကြောင့် ရပ်ရှ်ဖို့ဒ်ကို ကျွန်တော်တို့ သတိထားရင်ဆိုင်ရမှာပါ။”လို့ မှတ်ချက် ပေးခဲ့ ပါတယ်။
တကယ်လည်း ပွဲချိန်အတွင်းမှာလည်း ရပ်ရှ်ဖို့ဒ်က ဇာဗီကို အိပ်မက်ဆိုးတွေမက်အောင် ခြောက်လှန့်သွားခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ နူးကမ့်မှာ ဘာစီလိုနာဘက်ကို ဂိုးသွင်းနိုင်တဲ့ တတိယ မြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

ဘာစီလိုနာအသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် Play Off အဆင့် ပထမအကျော့အဖြစ် ယူနိုက်တက်ကို နူးကမ့်ကွင်းမှာ လက်ခံကစားရပေမယ့် နိုင်ပွဲမယူနိုင်ခဲ့ဘဲ (၂-၂)ဂိုးစီ သရေကျခဲ့ပါတယ်။
ပထမပိုင်းကစားပုံက ၂သင်းလုံးအပြန်အလှန် အခွင့်အရေးတချို့ ရခဲ့ကြပြီး မိနစ်(၃၀)လောက်အထိ ဘာစီလိုနာတို့ ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တချို့ရပေမယ့် လီဝန်ဒေါစကီးရဲ့ ကန်ချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်ကစားပုံတည်ငြိမ်လာခဲ့ကာ ဝက်ဟော့တ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ အပိုင် အခွင့်အရေးတွေ ရခဲ့ပါတယ်။
ဝက်ဟော့တ်ရဲ့ အပိုင်ကန်ချက်၊ ဘယ်ခြမ်းကနေ ရပ်ရှ်ဖို့ဒ် ဆွဲပြေးပြီး ကန်သွင်းခဲ့တာတွေကို ဘာစီလိုနာ ဂိုးသမား တာစတီဂန် လက်စွမ်းပြကာကွယ်နိုင်တဲ့အတွက် ယူနိုက်တက်တို့ ဦးဆောင်ဂိုးရနိုင်မယ့် အခွင့်အရေးတွေ နစ်နာခဲ့တယ်လို့ပြောရမှာပါ။
ဒုတိယပိုင်းမှာတော့ ၂ သင်းလုံးဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးတွေစမြင်ခဲ့ရပါတယ်။ ဒုတိယပိုင်း စပြီး (၅)မိနစ်လောက်မှာပဲ ဘာစီလိုနာ အဖွင့်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောကနေ မားကို့စ်အလွန်ဆိုက ခေါင်းတိုက် သွင်းယူပေးခဲ့ပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ (၂)မိနစ်အကြာမှာတော့ ရက်ဖိုဒ့်ရဲ့ ပြေးလမ်းကြောင်းထဲကို ဖရက်ဒ်က အလိုက်သင့် ခင်းပေးလိုက်ရာကနေ ရက်ဖိုဒ့်က ဘောလုံးကို ဆွဲပြေးပြီးတော့ ဂိုးသမား ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့တာကြောင့် ယူနိုက်တက် ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။
ဘာစီလိုနာနောက်ခံလူတွေဟာ ရပ်ရှ်ဖို့ဒ်ရဲ့ ပြေးလမ်းကြောင်းတွေကို Cover မလုပ်နိုင်တဲ့အတွက် ခံစစ်မှာ Gap တွေဖြစ်ပြီး ယူနိုက်တက်အတွက် အခွင့်အရေးဖြစ်စေခဲ့တယ်။ (၅၉)မိနစ်မှာ ညာခြမ်းကနေ ရပ်ဖို့ဒ် တစ်ဦးချင်းစွမ်းရည်နဲ့ ပယ်နယ်တီဧရိယာထဲ ဆွဲပြေးပြီး ချိုးပေးလိုက်တာကနေ ဘာစီလိုနာနောက်ခံလူ ခွန်ဒဲလ်နဲ့ ထိပြီးတော့ ဂိုးဝင်သွားလို့ ယူနိုက်တက် ဒုတိယဂိုးရခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဘာစီလိုနာအသင်းဟာ အပိုင်ဂိုးသွင်းခွင့်တွေရပေမယ့် ဒီဂီယာ လက်စွမ်းပြကာကွယ်နိုင်တာရယ်၊ ကံဆိုးပြီး တိုင်ထိထွက်တာရယ်ကြောင့် ဂိုးမရဘဲ (၇၆)မိနစ်မှာ တစ်ပွဲလုံး ပျောက်နေတဲ့ ရာဖင်ဟာက ဂိုးရှေ့ ကန်တင် ပေးလိုက်တာကနေ ဝေ့ဝိုက်ပြီး ဂိုးထဲဝင်သွားလို့ ဘာစီလိုနာ ချေပဂိုးပြန်ရသွားခဲ့ပါတယ်။
ချေပဂိုးရအပြီးမှာ အနိုင်ဂိုးရဖို့ ဘာစီလိုနာဆက်တိုက်ဖိအားပေးလာခဲ့ပြီး ထိုးဖောက်ခဲ့ပေမယ့် ဒီဂီယာက အံ့အားသင့်ဖွယ်ကာကွယ်မှုတွေလုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ နှစ်သင်းလုံးမှ ဂိုးမသွင်းနိုင်ခဲ့တော့ဘဲ ၂-၂ နဲ့ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။
စပိန်မြေမှာ ဘာစီလိုနာကို သရေရလဒ် ယူနိုင်ခဲ့တာကလည်း ဒါဏ်ရာရ၊ ပွဲပယ်ကစားသမားတွေများနေချိန်မှာ အဝေးကွင်း ရလဒ်ကောင်းတစ်ခုကို ယူနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။
ဒုတိယအကျော့ အိုးထရတ်ဖို့ဒ်ပွဲစဉ်မှာ UEFA ရဲ့ စည်းမျဉ်းအရ အဝါကတ်(၃)ကြိမ်ပြည့်ရင် (၁)ပွဲပယ်ခံရမှာဖြစ်လို့ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီ လွဲချော်ဖို့ ရှိသလို ပက်ဒရီကလည်း ဒဏ်ရာရသွားတဲ့အတွက် ယူနိုက်တက်အနေနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ သိသိသာသာ အခွင့်အရေး ပိုကောင်းနေပါတယ်။
လက်ရှိ လာလီဂါမှာ ရီးရဲမက်ဒရစ်ကို ( ၈ ) မှတ်ဖြတ်ထားပြီး ( ၇) ဂိုးပဲ ခွင့်ပြုထားရသေးတဲ့ အသင်းကို အနိုင်ရဖို့ ထိုက်တန်တဲ့အထိ ကစားနိုင်ခဲ့တဲ့ အဲရစ် တန်ဟက် ကိုတော့ ချီးကျူးရမှာဖြစ်ပါတယ်။