နောက်အပတ်မှာ မန်ယူ ပွဲဖြစ်သွားအောင် ဘာစီလိုနာကို ဘယ်လိုရင်ဆိုင်မလဲ ဟားဂရေ့ဗ် အကြံပေး တိုက်တွန်း
ဘာစီလိုနာနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတော့မယ့် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ဒုတိယ အကျော့ ပွဲစဉ်အတွက် နည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းဗျူဟာတွေ အလုပ်ဖြစ်ဖို့ မန်ယူ ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က အကြံပေးလိုက်ပြီဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ဘာကာတို့ဟာ ၁၆ သင်းအဆင့်ကို ဘယ်အသင်း ရောက်မလဲဆိုတာနဲ့ ပတ်သက်ပြီး လာမယ့် သီတင်းပတ်မှာ အဖြေထုတ်ကြ တော့မှာဖြစ်ပါတယ်။
ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင် ဘာစီလိုနာက အလွန်ဆိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း သရဲနီတွေဟာ နောက်ကနေ လိုက်ကစားပြီး ဦးဆောင်ဂိုး ပြန်သွင်းခဲ့တာပါ။

ဒါပေမဲ့ ပွဲပြီးဖို့ ၁၄ မိနစ် အလို မှာတော့ ရာဖင်ဟာက ချေပဂိုး ပြန်သွင်းသွားခဲ့လို့ နူးကမ့်ပွဲစဉ်ဟာ ၂ ဂိုးစီ သရေနဲ့ ပြီးသွားခဲ့တယ်။
ဒီပွဲကို အသေအချာ ကြည့်ခဲ့ရတဲ့ သရဲနီ တပ်သား ဟောင်း အိုဝင်ဟားဂရေ့ဗ်ဟာ နည်းပြဇာဗီးရဲ့ အားနည်းချက်တွေကို ကောင်းကောင်း နားလည်သဘောပေါက်နေသလို ဘာကာရဲ့ ပျော့ကွက်ကို လည်း သိသွားတဲ့အတွက် လာမယ့် ပွဲစဉ်မှာတော့ အဲဒီနေရာလွတ်တွေကို အသုံးချနိုင်ဖို့ အာဂျင်တီးနားသားလေး ဂါနာချိုကို ထည့်သုံးသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ဘာစီလိုနာအနေနဲ့ အခုထက် ပို ကောင်းအောင် ဘာတွေ လုပ်ဖို့ လိုသလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဟား ဂရေ့ဗ်က BT Sport ကို ဖြေဆိုခဲ့ရာ
” ဘာစီလိုနာက ပွဲကို ထိန်း ထားနိုင်ခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။ အဲဒါက ဇာဗီနဲ့ ဘာစီလိုနာအ အတွက် အဓိက ဖြစ်နေတယ်။
ကစားပုံ အပြောင်းအလဲ လုပ်တဲ့နေရာတွေမှာ သူတို့အသင်း အားနည်းချက်တွေ ရှိနေပုံပဲ။ဟာလာဟင်းလင်းကြီးကို ဖြစ်နေတာ။ သူတို့ ဒီအတိုင်းသာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ်ဆိုရင် အဲဒီလို အခြေအနေမျိုးတွေ ပိုများလာနိုင်တယ်။
ဂါနာချို ဝင်ကစားမယ်ဆိုရင် ပိုပြီး တော့ ကောင်းသွားမယ်လို့ ကျွန်တော် ထင်တယ်ဗျာ။ လုံးဝကို အမိုက်စား ဖြစ်သွားမယ်။ ဝက်ဟော့က နံပါတ် ၁၀ နေရာမှာ ကစားသလို ရက်ရှ်ဖို့ဒ်က လည်း အတွင်းထဲကို ဝင်ကစားမယ်ဆိုရင် ဘရူနိုကလည်း ညာတောင်ပံမှာပေါ့။
တန်ဟတ်ကလည်း အရွေ့လေးတွေကို မသိမသာလေး လုပ်ယူတတ်သူပါ။ ဒါပေမဲ့ အခုလို ပုံစံမျိုး အလှည့်အပြောင်းမျိုး ဆိုရင်တော့ ဘာစီလိုနာ ပုံစံကောင်း ရှိမနေခဲ့ရင် မန်ယူအတွက် ပွဲပဲပေါ့ဗျာ” လို့ ပြောသွားခဲ့တာပါ။