ဝါရင့်ကြီး လော်ရိုးရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် သုံးသပ်ခန့်မှန်း ဟောကိန်း ထုတ်မှုများ

ပရီးမီးယားလိဂ် ပွဲစဉ်တွေက ပြန်လာပါပြီ။ ဒီတစ်ပတ်ပွဲတွေ အတွက် ဝါရင့် သုံးသပ်သူကြီး လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

၁~အက်စတွန်ဗီလာ vs အာဆင်နယ်

အာဆင်နယ် အနေနဲ့ အရှုံးကနေ ပြန်လည် ရုန်းထွက်ဖို့ လိုအပ်နေပါတယ်။ သူတို့ဟာ နောက်ဆုံး ၄ ပွဲမှာ နိုင်ပွဲ မရှိခဲ့ပေမယ့် ဒီပွဲမှာတော့ နိုင်ပွဲရအောင် လုပ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ အက်စတွန်ဗီလာဟာ ရလဒ်ကောင်းတွေ ဆက်တိုက်ရခဲ့ပေမယ့်လည်း နောက်ဆုံးပွဲစဉ်မှာတော့ ရလဒ်ဆိုးခဲ့ပါတယ်။ ဒါပေမယ့် စီးတီးကို ရှုံးနိမ့်ခဲ့တာ ဖြစ်လို့ ရှက်စရာတော့ မရှိပါဘူး။ အာဆင်နယ်တို့ မဖြစ်မနေ နိုင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ စီးတီးဟာ နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားရမှာ ဖြစ်တာကြောင့် အနိုင်ရဖို့ သေချာသလောက် ဖြစ်နေလို့ပါ။

ခန့်မှန်းချက် : အက်စတွန်ဗီလာ ၁-၂ အာဆင်နယ်

၂~ချဲလ်ဆီး vs ဆောက်သမ်တန်

ဆောက်သမ်တန်ရဲ့ အခြေအနေက ထူးဆန်းပါတယ်။ သူတို့ဟာ နေသန်ဂျုံးကို ခန့်အပ်ကာ စွန့်စားမှု လုပ်ခဲ့ကာ ဒီလို လုပ်မယ်ဆိုရင်လည်း ဘာကြောင့် ၎င်းကို ဒီထက်ကြာကြာ အခွင့်အရေး မပေးခဲ့တာလဲ? ချဲလ်ဆီးဟာ ဝက်ဟမ်းနဲ့ ပထမပိုင်းမှာ တအားကို ကောင်းခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ဟာ တဖြည်းဖြည်းနဲ့ အသားကျလာမယ်လို့ကျနော် ထင်ပါတယ်။ သူတို့ ဒီပွဲစဉ်မှာ အနိုင်ရဖို့ အတွက် လုံလောက်တဲ့ အရည်အသွေးက ရှိနေပြီးသားပါ။

ခန့်မှန်းချက် : ချဲလ်ဆီး ၂-၀ ဆောက်သမ်တန်

၃~နော့တင်ဟမ်ဖောရက်စ် vs မန်စီးတီး

ကျနော် ပြီးခဲ့တဲ့ တနင်္လာနေ့က မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ ဖောရက်စ် မန်နေဂျာ စတိကူးပါးနဲ့ တွေ့ခဲ့ပြီး ဒီတစ်ပတ် ဘယ်သူနဲ့ ကစားရမှာလဲဆိုပြီး သူ့ကို မေးခဲ့ပါတယ်။ သူက မန်စီးတီးလို့ ပြောလိုက်တဲ့အချိန်က ကျနော်က ‘ကံကောင်းပါစေ’ လို့ ပြောခဲ့ပါတယ်။ သူက ရယ်ပဲနေခဲ့ပါတယ်။ ဖောရက်စ် အတွက် ပြသနာက အခွင့်အရေး ဖန်တီးမှုပိုင်း ဖြစ်ပါတယ်။ အခြားတဖက်မှာ စီးတီးကို ဘယ်လို ပိတ်ကစားမလဲ ဆိုတာကို ဖယ်ထားလိုက်ပါ။ ဖန်တီးမှုပိုင်း အားနည်းနေတာဟာ ဒီလို အသင်းနဲ့ ရင်ဆိုင်ရာမှာ တကယ့်ကို မလွယ်တဲ့ အခြေအနေပါ။ ဒီအချိန် ဒီဘရိုင်းနား ကစားနေတဲ့ ပုံစံအရ ကျနော် စီးတီးကို ပွဲတိုင်း fancy ဖြစ်မိပါတယ်။

ခန့်မှန်းချက် : ဖောရက်စ် ဝ-၂ မန်စီးတီး

၄~နယူးကာဆယ် vs လီဗာပူး

နယူးကာဆယ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ သရေတွေ များနေခဲ့ပြီး ဒီပွဲစဉ်မှာလည်း ဒါကို ထပ်တွေ့မယ်လို့ ကျနော်ထင်နေပါတယ်။ လီဗာပူး အတွက် စိတ်ဝင်စားဖို့ ကောင်းတာကတော့ သူတို့ဟာ လာမည့် အင်္ဂါနေ့မှာ ရီးရဲယ်မက်ဒရစ်နဲ့ ကစားရမယ့် ကိစ္စပါပဲ။ သူတို့ ဘယ်လို ပွဲထွက်စာရင်းကို သုံးစွဲသွားမှာလဲ? တီယာဂိုဟာ ဒဏ်ရာရနေပါတယ်။ ဒါပေမေယ့် ဂျိုတာ ဗန်ဒိုက် ဟန်ဒါဆန် ဖာမီနို တို့ကတော့ ပြန်လာပါပြီ။ ချန်ပီယံလိဂ်ပွဲတွေ ရှိနေတာကြောင့် သူတို့ မိနစ်တွေ ပိုရနိုင်ပါတယ်။ နယူးကာဆယ်ဟာ အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်း ဖြစ်တာကြောင့် ဒါဟာ သူတို့ အတွက် နောက်ထပ် သရေပွဲ ဖြစ်လာမှာပါ။

ခန့်မှန်းချက် : နယူးကာဆယ် ၁-၁ လီဗာပူး

၅~မန်ယူနိုက်တက် vs လက်စတာ

မန်ယူနိုက်တက်ဟာ ပုံစံကောင်းမှာ ရှိနေပါတယ်။ လက်စတာကလည်း နောက်ဆုံးပွဲမှာ တော့တင်ဟမ်ကို ၄-၁ နဲ့ နိုင်ထားခဲ့ပြီး နောက်ဆုံး ၂ ပွဲဆက် ၄ ဂိုး သွင်းထားတာကြောင့် စိတ်ဝင်စားစရာပါပဲ။ ကျနော်ကတော့ မန်ယူနိုက်တက်တို့ ကပ်ပြီး အသာရသွားမယ်လို့ ထင်ပါတယ်။ သူတို့ဟာ title race မှာ လူတွေရဲ့ ရေဒါအောက်မှာ ရှိမနေဘဲ ကောင်းကောင်း ခရီးဆက်နေတဲ့ အသင်းပါ။ သူတို့ဟာ လူအပြောင်းအလဲ ကောင်းကောင်း လုပ်နိုင်တဲ့ အင်အား ရှိနေပြီး အနိုင်လည်း ရနေဆဲပါ။ ရပ်ဖို့ဒ်လို ကစားသမားဟာ ဒီအချိန်မှာ တစ်ပွဲတစ်ဂိုးလောက် အာမခံချက် ပေးနေနိုင်ပါတယ်။ ဒါဟာ ပြိုင်ဘက်ကို အသာရနေတဲ့ အချက်ပါ။

ခန့်မှန်းချက် : မန်ယူနိုက်တက် ၂-၁ လက်စတာ

၆~တော့တင်ဟမ် vs ဝက်ဟမ်း

တော့တင်ဟမ်တို့ ဘယ်လို ပုံစံ ထွက်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ? ချန်ပီယံလိဂ်မှာ သူတို့ဟာ အပြောင်းအလဲတွေ လုပ်ခဲ့ပြီး မီလန်ကို ၁-၀ ထက် ပိုပြီးတောင် ရှုံးခဲ့သင့်ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့ အပတ်ကလည်း လက်စတာရဲ့ ချေမှုန်းမှုကို ခံထားရတာကြောင့် ဒီအချိန်မှာ အခြေအနေ ဆိုးနေပါတယ်။ ကွန်တီကလည်း စီးရီးအေကို ပြန်သွားရန် မျက်စိကျနေပြီး ရာသီကုန်မျာ စပါးကနေ ထွက်ခွာမယ်လို့ ကျနော်ထင်ပါတယ်။ ဝက်ဟမ်းဟာ ပြီးခဲ့တဲ့အပတ်က ပထမပိုင်းမှာ ချဲလ်ဆီးရဲ့ လွှမ်းမိုးကစားမှုကို ခံခဲ့ရပေမယ့်လည်း သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ကျနော်ကတော့ ဝက်ဟမ်းတို့ ဒီပွဲမှာ နိုင်သွားမယ်လို့ ခံစားမိနေပါတယ်။

အခြားပွဲစဉ်များ

ဘရန့်ဖို့ဒ် ဝ-၂ ခရစ်စတယ်ပဲလေ့စ်
ဘရိုက်တန် ၁-၁ ဖူဟမ်
အဲဗာတန် ၁-၁ လိဒ်
ဝုဖ် ၂-၁ ဘုန်းမောက်