ဆင်ပျံကြီးရဲ့ အစွယ်ထုတ်ပြပြီး ဗီလာပါ့ခ်မှာ ပွဲပြီးခါနီးသွင်းဂိုးတွေနဲ့ အာဆင်နယ် အနိုင်ယူသွားပါပြီ
ဒီတပတ်ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ရဲ့ အစောဆုံးပွဲအဖြစ် ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာနဲ့ အာဆင်နယ်တို့ ကစားခဲ့ကြပြီး ပွဲက အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။
နောက်ဆုံး ၃ ပွဲ ဆက် နိုင်ပွဲ ပျောက်ကာ ရလဒ်တွေ ဆက်တိုက်ကျဆင်းလာပြီး ဇယားထိပ်ဆုံးကနေ အောက်ဆင်း ပေးလိုက်ရတဲ့ အာဆင်နယ်တို့ နိုင်ပွဲရဖို့ လိုအပ်နေချိန်မှာ အိမ်ရှင်ဗီလာရဲ့ ခံကန်အားကြောင့် တော်တော်လေး အခက်တွေ့ခဲ့ရပါတယ်။
ဗီလာက ပွဲအစ ၅ မိနစ်မှာ တိုက်စစ်မှူးဝက်ကင်းစ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ကာ အာဆင်နယ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသွင်းဂိုးကို သိပ်မကြာခင်မှာပဲ ဆာကာက ဧရိယာအတွင်းကနေ ဘယ်ခြေကန်ချက်နဲ့ အပြင်းကန်သွင်းယူပြီး ချေပခဲ့လို့ ၁-၁ ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ဗီလာက အိမ်ကွင်းမှာ မာမာထန်ထန်နဲ့ ကစားခဲ့ပြီး အူနိုင်းအမ်မရီက အသင်းဟောင်းနဲ့အတွေ့မှာ ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၃၂ မိနစ်မှာတော့ ဖိလစ်ပီကော်တင်ဟိုက ရမ့်စ်ဒေးလ်ကို လှပတဲ့ ကန်သွင်းယူပုံနဲ့အတူ ဂိုးထပ်သွင်းခဲ့ပြီး ဗီလာကို ၂-၁ နဲ့ ဦးဆောင်စေခဲ့ပါတယ်။ ဒီဂိုးက အာဆင်နယ်ကို တော်တော်လေးဖိအားများသွားစေခဲ့ပြီး ပထမပိုင်းမှာ အဆိုပါရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့အတွက် အာဆင်နယ်က တိုက်စစ်ကို ဖွင့်ဆော့လာခဲ့ပြီး ဗီလာကတော့ ခံစစ်ပိုင်းကို နှစ်ထပ်ပုံစံနဲ့ ကာကွယ်သွားခဲ့ပါတယ်။
ပါတေး မပါဝင်ရင် အာဆင်နယ်ကွင်းလယ်က အားနည်းသွားတယ်ဆိုတဲ့အတိုင်း ဒီပွဲမှာလည်း ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ်ကနေ တိုက်စစ်ကို တိုက်ရိုက်ဘောလုံးပေးပို့မှုတွေကို ဖျက်ထုတ်မယ့်သူမရှိဖြစ်ခဲ့ပါတယ်။ ဗီလာက ဒီ အားနည်းချက်ကို အသုံးချပြီး အာဆင်နယ်ကို လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ကစားသွားခဲ့ပါတယ်။
ဆက်တိုက်ဖိကစားနေတဲ့ အာဆင်နယ်တို့ ၆၂ မိနစ်မှာ ချေပဂိုးပြန်ရခဲ့ပြီး ထောင့်ကန်ဘောကတဆင့် အိုဒီဂတ် ဖန်တီးပေးတာကို ဇင်ချန်ကိုက အပြင်းကန်သွင်းယူပေးခဲ့တာပါ။ ဒီနောက်မှာ အန်ကီတီယာအပိုင်အခွင့်အရေးတကြိမ်ရပြီး အပိုင် ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းပေါ်ကျော်သွားလို့ အာဆင်နယ်နစ်နာခဲ့ရပါတယ်။ ၇၇ မိနစ်မှာလည်း အိုဒီဂတ် ဂိုးပေါက်အလွတ်ကြီးကို ပိတ်သွင်းရာမှာ ဘေးကန်မိခဲ့ပြန်ပါတယ်။
ဗီလာကလည်း တန်ပြန်တိုက်စစ်တွေကနေ ခြိမ်းခြောက်ခဲ့ပြီး ၈၂ မိနစ်မှာ ဘိုင်လီရဲ့ အပြင်းကန်သွင်းချက်က တိုင်ထိသွားလို့သာ အာဆင်နယ်သက်သာခဲ့တာပါ။ အာဆင်နယ်က ဖိအားပေးနေပေမယ့် ဗီလာ တန်ပြန် တိုက်စစ်တွေကြောင့် တော်တော်လေး အသည်းအသန်ဖြစ်ခဲ့ရပါတယ်။
လက်ကျန်မိနစ်တွေမှာ အာတီတာဟာ တိုမီယဆုနဲ့ ဗီအဲရာတို့ကိုပါ ထည့်ကာ အပြောင်းအလဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ လည်း အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့တာကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတော့မယ်ထင်နေတုန်းမှာပဲ ဂျော်ဂျင်ညိုက လှပတဲ့ အဝေးကန်ချက်က ဘားတန်းထိထွက်လာပြီး ဗီလာဂိုးသမား မာတီနက်ဇ်နဲ့ ထပ်ထိကာ ဂိုးဝင်သွားခဲ့တာကြောင့် အာဆင်နယ်အနိုင်ဂိုး ရလာပါတယ်။

နောက်ဆုံးမိနစ်မှာရတဲ့ ထောင့်ကန်ဘောကိုလည်း မာတီနက်ဇ်က ရှေ့တက် ခေါင်းတိုက်ဖို့ ကြိုးစားတာကြောင့် အာဆင်နယ် တန်ပြန်တိုက်စစ်မိချိန်မှာ ခံစားသွားခဲ့ရပြီး မာတင်နယ်လီက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းကာ စတုတ္ထမြောက်သွင်းဂိုး ရယူခဲ့ကာ အနိုင်သုံးမှတ် ပိုင်ဆိုင်ခဲ့ပါတယ်။