လက်စတာကို ၃ဂိုး ပြတ် နိုင်ပေမယ့် မန်ယူ ကစားပုံ စိတ်တိုင်းမကျဘဲ ဖြစ်နေတဲ့ နည်းပြ တန်ဟက်

လက်စတာအသင်းကို အိမ်ကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက် က အသင်းရဲ့ ပထမပိုင်း ကစားပုံကို အားမရဘဲ ပြစ်တင်မှုတွေလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပွဲချိန်အစောပိုင်းတွေမှာ လက်စတာရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပြီး ဂိုးသမားဒီဂီယာသာ လက်စွမ်း မပြခဲ့ဘူးဆိုရင် ဦးဆောင်ဂိုး ၂ ဂိုးလောက်အထိ ခွင့်ပြုခဲ့ရမှာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတေ့ာ ယူနိုက်တက်က ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး နိုင်ပွဲရယူခဲ့ကာ အာဆင်နယ်နဲ့ ၅ မှတ်အကွာ၊ မန်စီးတီးနဲ့ ၃ မှတ်အကွာအနေအထားကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တန်ဟက်ဂျ်ကတော့ အသင်းရဲ့ ပထမပိုင်းကစားပုံကို ဒေါသထွက်ကာ ပြစ်တင်ခဲ့ပြီး ဒီလိုတွေမဖြစ်အောင် လုပ်ရမယ်လို့ သူ့အသင်းသားတွေကို သတိပေးခဲ့ပါတယ်။

“ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် တကယ်ကို မပျော်ရွှင်တာပါ၊ ကျနော်တို့ ကစားနေတဲ့ပုံစံအောက်မှာ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့လိုပါတယ်၊ ဒါကို ကျနော်တို့မလုပ်နိုင်ဘူးဆိုရင် ဒါက စိတ်ပျက်စရာပါပဲ၊ လက်စတာလို အခွင့်အရေးတွေ ဖန်တီးနိုင်တဲ့ ကောင်းမွန်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတာပါ၊ ဒီဂီယာကြောင့်သာ ကျနော်တို့ ဂိုး မပေးခဲ့ရတာပါ”

“ပထမပိုင်းမှာ တကယ် ကံကောင်းခဲ့ပါတယ်၊ တဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အဲဒီဂိုးက အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ကျန်တာတွေကတော့ အမှိုက်တွေပါပဲ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ပွဲ အဖြစ် အိမ်ကွင်းမှာ ဘာစီလိုနာကို ယူရိုပါလိဂ်ဒုတိယအကျော့ လက်ခံကစားရမှာဖြစ်ပြီး အဆိုပါပွဲအတွက် ပရိသတ်တွေ အများကြီးလာရောက်အားပေးဖို့လည်း တန်ဟက်ဂျ်က မျှော်လင့်နေပါတယ်။

“ကျနော်တို့ တိုက်ပွဲဝင်ရပါမယ်၊ ပရိသတ်တွေကလည်း အိုးထရက်ဖို့ဒ်ကို ခံတပ်ကြီးတခုလိုမျိုးဖြစ်အောင် ပြုလုပ်ရမှာဖြစ်ပြီး ပွဲကြိုအစီအစဉ်တွေကလည်း မှန်ကန်ရပါမယ်” လို့ သူက ဆိုပါတယ်။ ယူနိုက်တက်ဟာ ဘာကာကွင်းမှာ ၂ ဂိုးစီ သရေ ကစားနိုင်ခဲ့လို့ အိမ်ကွင်းမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်ရမယ်လို့ ယုံကြည်နေပါတယ်။