နေမာ ကို ခေါ်ကြဖို့ ပရီးမီးယားလိဂ် ဓနအင်အားကြီး ကလပ် အသင်း ၄သင်းအား ပီအက်စ်ဂျီ ဆက်သွယ် တိုက်တွန်းနေ

ပီအက်စ်ဂျီ အသင်းဟာ ကြယ်ပွင့် ကစားသမား နေမာကို လာမယ့်နွေရာသီမှ ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်း ၄ သင်းအား ဆက်သွယ် မေးမြန်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံးကစားသမားအဖြစ် ရှိနေဆဲဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်အထိ ပဲရစ်မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပြောင်းအရွှေ့သတင်းထောက် ပိထ်တ် အိုရော့ခ်က ကလပ်အသင်း အနည်းငယ်ဟာ လာမယ့်နွေ ရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင် ဘရာဇီးလ်ကြယ်ပွင့်ကို ခေါ်ယူနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်ခြင်း ခံခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ လိဂန်းထိပ်သီးအသင်းကြီးဟာ ဘရာဇီးလ်ကြယ်ပွင့်ကို ပေါင်သန်း ၇၀ ကနေ ၈၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ကြိုးပမ်းသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်လိဂန်းချန်ပီယံတွေဟာ မန်ချက်စတာစီးတီး၊ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်လ် အသင်းတို့ကို ဆက်သွယ်ခဲ့တယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းဟာ နေမာကို ရောင်းထုတ်ဖို့ လိုလိုလားလား ရှိနေတယ်လို့ ယုံကြည်ရပေမယ့် ဘရာဇီးလ်ကြယ်ပွင့် တောင်းဆိုမယ့်ကြီးမားတဲ့ လစာ ပမာဏက အတားအဆီး ဖြစ်နိုင်တယ်ဆိုတာကို သတိပြုမိနေတာဖြစ်ပါတယ်။

နေမာဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၂၉ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ် အထိ အထင်ကြီးဖွယ် ပြုလုပ်ပေးထားပေမယ့် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး မက်ဒေါ်နယ်ဆိုင်မှာ မြင်တွေ့ခဲ့ရပြီးနောက် ဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။