မှားပါတယ် တောင်းပန်ပြီး နည်းပြ တူချယ်ကို ပြန်ခေါ် ခန့်တော့မယ့် ကလပ် အသင်းဟောင်း
ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာမှ ခန့်အပ်ထားတဲ့ နည်းပြ ခရစ်တော့ဖ် ဂေါ်လ်တီယာရဲ့ လတ်တလော စွမ်းဆောင်ရည်တွေ အပေါ် တဖြည်းဖြည်း စိတ်ပျက်နေကာ ၊ ၎င်းတို့ရဲ့ နည်းပြဟောင်း တဦး ဖြစ်တဲ့ သောမတ်စ် တူချယ်ထံ ပြန် ချဉ်းကပ်ဖို့ စဉ်းစားနေကြောင်း ချဲလ်ဆီး ဂျာနယ်လစ် နစ်ဇာ ကင်ဆဲလာက ဆိုပါတယ် ။
လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂျာမန်လူမျိုး နည်းပြ တူချယ်ကို လာမယ့် နွေရာသီမှာ ခေါ်ချင်ရင်တောင် ပီအက်စ်ဂျီဟာ လက်ရှိ အားကစား ဒါရိုက်တာ လူးဝစ် ကမ်ပို့စ်ရဲ့ အကူအညီနဲ့ စည်းရုံးသိမ်းသွင်းနိုင်ဖို့ လိုပါတယ် ။ တူချယ်ဟာ ပီအက်စ်ဂျီမှာ ရှိခဲ့စဉ်က ယခင် ဒါရိုက်တာဟောင်း လီယိုနာဒိုနဲ့ ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့ဖူးပါတယ် ။

ဒါ့အပြင် တူချယ်သာ ပဲရစ်သို့ ပြန်လာဖြစ်ခဲ့သည်ရှိသော် ၊ ကီလီယန် အမ်ဘတ်ပေတို့လို ကစားသမား ပါဝင်ကြီးသူတွေထံမှ ကာကွယ်မှု အပြည့်ပေးဖို့ ၊ အပြောင်းအရွှေ့ ကိစ္စရပ်တွေထဲ အရောမဝင်စေပဲ နည်းပြ အလုပ် အပေါ်သာ အာရုံစိုက်ခွင့် အပြည့်ပေးဖို့ ပီအက်စ်ဂျီထံ တောင်းဆိုမှာ သေချာပါတယ် ။
ပီအက်စ်ဂျီဟာ ၂၀၂၀ ရဲ့ ခရစ်စမတ်နေ့မှာ တူချယ်ကို နည်းပြ ရာထူးက ထုတ်ပယ်ခဲ့ပေမယ့် ၊ ယင်းဂျာမန်သားဟာ နောက်တလ အကြာမှာ ချဲလ်ဆီးသို့ ပြောင်းရွှေ့သွားကာ ၊ ပီအက်စ်ဂျီနဲ့ အတူ မဆွတ်ခူးခဲ့ဖူးတဲ့ ချန်ပီယံလိဂ် ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ဖလားတွေကို ရရှိခဲ့ပါတယ် ။
သို့ပေမယ့် တူချယ်ဟာ ချဲလ်ဆီး ပိုင်ရှင်သစ်တွေထံမှ သစ္စာဖောက်ခံခဲ့ရကာ ၊ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း ပေါင်သန်း ၂၀၀ကျော် သုံးစွဲကာ ကစားသမားသစ် အများအပြား ခေါ်ယူ ပေးခဲ့အပြီးမှာ တပတ်ပင် အချိန်မပေးပဲ ရာထူးကနေ တန်းအထုတ်ခံခဲ့ရပါတယ် ။

တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ချဲလ်ဆီး ပိုင်ရှင်သစ် အဖွဲ့ဟာ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ အပေါ် ထောက်ခံမှု အပြည့်အဝ ပေးထားဆဲ ဖြစ်သလို ၊ တူချယ်နဲ့ ပြန်ပေါင်းထုပ်ဖို့ ဘယ်လိုမှ အစီအစဉ်မရှိတာကြောင့် ပီအက်စ်ဂျီ အတွက် တူချယ်ကို ခေါ်ဖို့ အခွင့်အရေး ပိုကောင်းနေတာ ဖြစ်ပါတယ် ။
လက်ရှိ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ ပီအက်စ်ဂျီမှာရော ချဲလ်ဆီးမှာပါ နည်းပြသစ် ဖြစ်လာဖို့ အတိုင်းအတာ တရပ် အထိ ရေပန်းစားလျက်ရှိနေပေမယ့် ၊ အခြေအနေ တစုံတရာ လွဲမှားမှုတွေ မရှိခဲ့ဘူးဆိုရင် ၎င်းဟာ ရိုးမားမှာပဲ အနိမ့်ဆုံး ရာသီကုန်တဲ့အထိ ဆက်နေသွားဖို့ သေချာသလောက် ရှိနေပါတယ် ။