အမ်ဘာပေကို ရောင်းခိုင်းခြင်း၊ ဘာကာနဲ့ ပွဲ မပါနိုင်တဲ့ သရဲနီများ၊ ဟာလန်းလက်သစ် ခေါ်မယ့် အာဆင်နယ်နဲ့ သတင်းတိုများ

အာဂျင်တီးနားနည်းပြ စကာလိုနီက သူတို့ရဲ့ သူရဲကောင်းမက်ဆီအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖွယ်ရှိနေသေးတဲ့အကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်ပါဦးမလား ဆိုတာက မက်ဆီရဲ့ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ တကယ်လို့ သူ့ခန္ဓာကိုယ်ကသာ လိုက်နိုင်ဦးမယ်ဆိုရင် ကမ္ဘာ့ဖလား ဆက်ကစားဖွယ်ရှိနေကြောင်း စကာလိုနီက ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီ ကစားသမားဟောင်း ဂျိရိုမီရိုသန်က သူ့အသင်းဟောင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး အမ်ဘာပေကို ဈေးကောင်းရရင် ရောင်းထုတ်သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာ နောက် ၄ နှစ်လောက် ဆက်ရှိနိုင်မယ့်သူမဟုတ်ကြောင်း၊ ပီအက်စ်ဂျီအနေနဲ့ အသုံးစရိတ် ပြန်ကာချင်ရင် အမ်ဘာပေကို ရောင်းထုတ်သင့်တယ်လို့ ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ဒုတိယအကျော့မှာ တိုက်စစ်မှူး မာရှယ်နဲ့ အန်တိုနီ၊ နောက်ခံလူ မက်ဂွဲရားတို့ မပါဘဲ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ ကြာသပတေးနေ့ပွဲအတွက် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အဆိုပါ ကစားသမား ၃ဦးစလုံး ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးနည်းပြကလော့ကတော့ သူတို့ကို အန်ဖီးလ်မှာ အလဲထိုးသွားခဲ့တဲ့ ပြိုင်ဘက်ရီးရဲမက်ဒရစ်အသင်းကြယ်ပွင့် နာချိုဖာနန်ဒက်ဇ်ကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။ နာချိုဟာ ဝင်ရောက်လာပြီးနောက် super game ပွဲတစ်ပွဲကို ကစားခဲ့ကြောင်း၊ အလာဘာဟာ ထိပ်တန်းကစားသမားဆိုပေမယ့် နာချိုရဲ့ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်ခဲ့ကြောင်း ကလော့က ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ရီးရဲမက်ဒရစ်ထက် လက်ဦးမှု ရယူကာ အတ္တလန္တာတိုက်စစ်မှူး Hojlund ကို ခေါ်ယူဖို့ ပြင်ဆင်နေ ပါတယ်။ ၂၀ နှစ်အရွယ် ကစားသမားဟာ ဟာလန်းလက်သစ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး အာဆင်နယ် အနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွေ့မှာ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတာပါ။

ချဲလ်ဆီးအသင်းဟာ ကာလရှည်ဒဏ်ရာကနေ သက်သာလာတဲ့ သူတို့ရဲ့ ဝါရင့်ကွင်းလယ်လူ ကန်တီကို စာချုပ် သက်တမ်း တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကန်တီဟာ ပြီးခဲ့တဲ့ လကတည်းက တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသူ ဖြစ်ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ အလန်ရှီးယားက ရီးရဲမက်ဒရစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူး နောက်ခံလူ ဂိုးမက်ဇ်အနေနဲ့ အမှားများစွာ ကျူးလွန်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဂိုးမက်ဇ်ဟာ အမှားများစွာ ကျူးလွန်ခဲ့ပြီး ဗန်ဒိုက်ချ်ကလည်း သူနဲ့ တွဲကစားတာ သက်သောင့်သက်သာ မဖြစ်ကြောင်း၊ လီဗာပူးဟာ ခံစစ်ကြောင်း အားနည်းခဲ့ပြီး ဂိုမက်ဇ်ဆီက လုံးဝ အကူအညီမဲ့ခဲ့ကြောင်း ရှီးယားက ဆိုခဲ့ပါတယ်။