အာဆင်နယ်၊ မန်စီးတီး၊ မန်ယူတို့ထဲ ဘယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မလဲ ဘာစီလိုနာ နည်းပြ ဇာဗီ ဖြေကြား

ဘာစီလိုနာနည်းပြ ဇာဗီ ဟာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့ရဲ့ပြိုင်ပွဲအပေါ် ၎င်းရဲ့ အမြင်အား ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၂ မှတ်ဖြတ်ထားတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၇ ပွဲအထိ အနိုင်ရရှိခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဂန်းနားတွေနဲ့ ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒီတပတ် မန်ယူနဲ့ ယူရိုပါလိဂ် ပွဲမတိုင်ခင် အင်တာဗျူးမှာ ဘာစီလိုနာ နည်းပြ ဇာဗီက နည်းပြ တန်ဟက်ကို ချီးကျူးခဲ့ပြီး ဒီရာသီ ဘယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိနိုင်မလဲ လို့ The Times က မေးမြန်းခဲ့ရာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်၊ စီးတီးနဲ့ ယူနိုက်တက်တို့က အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗိုလ်လုပွဲကို ကစား သွားကြတော့မှာပါ။ သူတို့တွေ အရမ်း ကောင်းကောင်း ကစားနေတယ်။ သူတို့တွေက အားကောင်းပေမယ့် လိဂ်က အရမ်းကို တောင်းဆိုမှု များပါတယ်။ ကျွန်တော် အနိုင်ရမယ့်သူကို ဟောကိန်းမထုတ်ရဲပါဘူး။ ကျွန်တော် အသင်း ၃ သင်းစလုံးကို အမြင့်မားဆုံး လေးစားမှု ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ဒီနေ့ ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ ရင်ဆိုင် သွားရမှာဖြစ်ပြီး ပထမအကျော့ နူးကမ့်က ပွဲစဉ်မှာ ၂-၂ နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။