ယူရိုပါလိဂ် ၁၆သင်း အဆင့် မဲခွဲမှု အကြောင်းနဲ့ မန်ယူ၊ အာဆင်နယ်တို့ တွေ့နိုင်ဖွယ် ပြိုင်ဘက် အသင်းများ

ယူရိုပါလိဂ် ရဲ့ ၁၆ သင်း အကြို ရှုံးထွက်ပွဲစဉ်တွေကတော့ ပြီးဆုံး သွားခဲ့ပါပြီ ။ မန်ချက်စတာ ယူနိုက်တက် – ဘာစီလိုနာ ပွဲစဉ် ကတော့ နှစ်ကျော့ စလုံး အကျိတ်အနယ် ရှိခဲ့ပြီး ဗိုလ်လုပွဲတွေလို ကစားသွားခဲ့ကြ ပါတယ် ။

မနေ့ညက ပွဲတွေ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ ရိုးမား ၊ ဆဗီးလား ၊ ရှက်တာဒိုးညက် ၊ ယူနီယံ ဘာလင် ၊ ယူဗင်တပ် နဲ့ စပို့တင်း လစ္စဘွန်း အသင်းတို့ဟာ ၁၆ သင်းအဆင့်ကို တက်လှမ်းလာ နိုင်ခဲ့ကြပါတယ် ။

၁၆ သင်းအဆင့်မှာတော့ ယူရိုပါလိဂ် အုပ်စုအဆင့် တုန်းက အုပ်စု ပထမ နေရာတွေ ရရှိခဲ့ကြတဲ့ အောက်ပါ အသင်း ၈ သင်းက စောင့်ကြိုနေပါတယ် ။

  • အာဆင်နယ်
  • ဖီနာဘာချီ
  • ဖီရန်ဗာရော့စ်
  • ဖီယင်နော့
  • ဖရိုင်းဘတ်
  • ရီးရဲဆိုဆီဒက်
  • ရီးရဲဘက်တစ်
  • ယူနီယံ စိန့် ဂျီလွိုက်စ်

ဒီအသင်း ၈ သင်းဟာ မနေ့ညက နောက်တဆင့် တက်လာတဲ့ ၈ သင်းနဲ့ မဲခွဲပြီး ၁၆ သင်းအဆင့်ကို ယှဉ်ပြိုင် ကစားသွားကြမှာပါ ။ ဆီဒင် အသာရအသင်းတွေ ( အုပ်စုပထမအသင်းတွေ ) က ပထမအကျော့ကို အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပြီး မန်ယူနိုက်တက် ၊ ရိုးမားတို့ အဖွဲ့ကတော့ ပထမအကျော့ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ် ။

ဒီမဲခွဲမှုမှာ နိုင်ငံ အသင်းအချင်းချင်း ပြန်လည် မဆုံတွေ့ကြသေးပါဘူး ။

မန်ချက်စတာ ယူနိုက်တက် ဟာ အုပ်စုအဆင့်တုန်းက ဆုံခဲ့တဲ့ ဆိုဆီဒက် ၊ ဘက်တစ် ၊ ဖီယင်နော့ ၊ ဖီရန်ဗားရော့စ် ၊ ဖီနာဘာချီ ၊ ဖရိုင်းဘတ် ၊ ယူနီယံ စိန့် ဂျီလွိုက် အသင်းတွေထဲက တသင်းသင်းနဲ့ ရင်ဆိုင် ရမှာပါ ။ စပိန် ၂ သင်းကတော့ ယူနိုက်တက် အတွက် ခက်ခဲတဲ့ ပြိုင်ဘက် တွေ ဖြစ်လာနိုင်ပါတယ် ။

အာဆင်နယ် ရဲ့ ၁၆ သင်းဆင့် ပြိုင်ဘက် အလားအလာက မန်ချက်စတာ ယူနိုက်တက် ထက် ပိုပြီး ခက်ခဲ နိုင်ပါတယ် ။ ယူရိုပါလိဂ် ဘုရင်ကြီး ဆဗီးလား ၊ အီတလီ ထိပ်သီး ယူဗင်တပ် ၊ မော်ရင်ဟို ရဲ့ ရိုးမား တို့ဟာ အာဆင်နယ် အတွက် အန္တရာယ် ရှိတဲ့ ပြိုင်ဘက်တွေပါ ။

ယူရိုပါလိဂ် ၁၆ သင်းဆင့် မဲခွဲမှုကို ဒီကနေ့မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး ပထမ အကျော့ကို မတ်လ ၉ ရက်နေ့ ၊ ဒုတိယ အကျော့ကိုတော့ မတ်လ ၁၆ ရက်နေ့တွေမှာ ယှဉ်ပြိုင် ကစားသွားကြမှာပါ ။

မတ်လ ၁၇ ရက်နေ့ မှာတော့ ကွာတား နဲ့ ဆီမီးဖိုင်နယ် မဲခွဲမှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပြီး နိုင်ငံ အသင်းအချင်းချင်း ပြန်လည် တွေ့ဆုံနိုင်တော့မှာ ဖြစ်သလို ဗိုလ်လုပွဲ အထိ လမ်းကြောင်းကိုပါ သိရှိ တွက်ဆ နိုင်တော့မှာပါ ။

နောက်ဆုံး ဗိုလ်လုပွဲကြီးကိုတော့ ဟန်ဂေရီ နိုင်ငံ ပွတ်ရှ်ကပ်စ် အားကစားကွင်းကြီးထဲမှာ မေလ ၃၁ ရက်နေ့ မှာ ယှဉ်ပြိုင် ကစား သွားကြမှာပဲ ဖြစ်ပါတယ် ။