ဒီအပတ် မန်ယူ – နယူးကာဆယ်တို့ ကာရာဘောင်း ဗိုလ်လုပွဲ အတွက် ခရစ်ဆက်တန်ရဲ့ အံ့ဖွယ် ခန့်မှန်းချက်
မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် အသင်းတို့ဟာ ဒီအပတ် တနင်္ဂနွေနေ့ ည ၁၁ နာရီမှာတော့ ဝင်ဘာလေကွင်းမှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဘီဘီစီမှ နာမည်ကျော် ဘောလုံးပွဲ ခန့်မှန်းသူ ခရစ် ဆက်တန်က ကာရာဘောင်း ဗိုလ်လုပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်း ပေးခဲ့ပါတယ်။
” ယူနိုက်တက်က စည်းချက်ညီညီ ကစားနေတဲ့အသင်းဖြစ်လို့ တန်ဟက်ကို ချီးကျူးရမှာပါ။ ဒါပေမယ့် ဒီပွဲက အများ မျှော်လင့်ထားသလို လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။

ဂိုးသမား နစ်ပုပ် မပါဘဲ တတိယဂိုးသမား လိုရစ် ကာရီးယပ်နဲ့ ကစားရမှာဖြစ်လို့ လူတိုင်းက နယူးကာဆယ်ကို လျှော့တွက်ထားကြပါတယ်။ ၂၀၁၈ ချန်ပီယံလိဂ် ဖိုင်နယ်က ကာရီးယပ်ကို အားလုံး သိကြပါတယ်။
အဲ့ဒီတုန်းက သူ့အတွက် ကျွန်တော် တကယ် ခံစားခဲ့ရပေမယ့် အခုတကြိမ်ကတော့ သူ့နာမည်ကို အဖတ်ပြန်ဆယ်ဖို့ အခွင့်အရေးပါ။ ဝင်ဘာလေမှာ သူရဲကောင်းဖြစ်ပြီး အနိုင်ရဖို့ဆိုတာ နတ်သမီးပုံပြင်လို ထင်ရပါတယ်။ မဖြစ်နိုင်သလောက် ဆိုပေမယ့် ပြောလို့လည်း မရပါဘူး။
မားကပ် ရက်ဖို့ဒ်က အခုချိန်မှာ ယူနိုက်တက်အတွက် မယုံနိုင်ဖွယ် ခြေစွမ်းကောင်း ပြသနေတယ်။ ဒါကြောင့် ဒီပွဲမှာ နယူးကာဆယ်ကို အောက်အသင်းလို့ပဲ သတ်မှတ်ရမှာပါ။
လက်စတာနဲ့ပွဲမှာ တန်ဟက်ရဲ့အသင်းက နည်းနည်း ကံကောင်းခဲ့တယ်။ ကြားရက်မှာ မန်ယူနိုက်တက်က ဘာစီလိုနာနဲ့ ကစားခဲ့ရတဲ့အချိန် နယူးကာဆယ်က တစ်ပတ်လုံး နားထားရပါတယ်။ ဒီပွဲက အချိန်ပိုထိ ဆက်ရနိုင်ပြီး အဆုံးသတ်မှာ ကာရီးယပ်က အဆုံးအဖြတ် ဖြစ်သွားလောက်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ နယူးကာဆယ်၊ အချိန်ပိုကစားပြီး ပင်နယ်တီမှာ နယူးကာဆယ်နိုင်ကာ ဖလားယူသွားမှာ ဖြစ်ပါတယ်။