ချယ်ဆီးအသင်း အခုလို ရလဒ်တွေဆိုးနေတာ အရင်နည်းပြ တူချယ်ကြောင့်လို့ ပေါ်တာ သွယ်ဝိုက် ပြောဆို

ချယ်ဆီးအသင်းရဲ့ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာက သူတို့အသင်းအနေနဲ့ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေရတာဟာ ရာသီကြို ပြင်ဆင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တာကြောင့် ဖြစ်ကြောင်း ပြောကြားရင်း အသင်းရဲ့ နည်းပြဟောင်း တူချယ် နဲ့ နည်းပြအဖွဲ့ကို သွယ်ဝိုက်ကာ လွှဲချသွားခဲ့ပါတယ်။

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက စက်တင်ဘာလမှာ ဘရိုက်တန် ကနေ ချယ်ဆီးထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်ဆီးက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

လက်ရှိမှာ ချယ်ဆီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာလည်း ဒေါ့မွန်ကို ပထမအကျော့မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားပါတယ်။

ချယ်ဆီး အသင်း ပရိသတ်တွေနဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဂရေဟမ် ပေါ်တာကို ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး ပေါ်တာကတော့ သူတို့အသင်း အခုလိုမျိုး ရလဒ်တွေ ဆိုးဝါးနေတာဟာ နည်းစနစ်ပိုင်း အားနည်းချက် တခုထဲကြောင့် မဟုတ်ပဲ ရာသီကြိုကြောင့်လို့ ပြောဆိုလာပါတယ်။

ဂရေဟမ် ပေါ်တာက – “ကျွန်တော်တို့ အသင်းရဲ့ ပြဿနာ အတွက် စီနီယာ ကစားသမား တချို့နဲ့ စကားပြောပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ကတော့ ဒီရာသီရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေဟာ သူတို့ ကြုံဖူးသမျှထဲမှာ အဆိုးဝါးဆုံးပဲလို့ ပြောကြပါတယ်။ ရာသီကြိုခရီးစဉ်က ဒီရာသီအတွက် ဘာတခုမှ အကျိုးမပြုခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ပေါ်တာရဲ့ ချယ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၆ပွဲမှာ ၃ပွဲသာ အနိုင်ရခဲ့ပြီး ၄ပွဲ သရေကျကာ ၉ပွဲ အထိ ရှုံးနိမ့်ထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးမှာလည်း အခြေအနေ မကောင်းပါဘူး။