အပျင်းပြေ ဟက်ထရစ်တွေ သွင်းရင်း ဆော်ဒီမှာ ပျော်နေပါပြီ လို့ စီ ရော်နယ်ဒို ပြောကြား
တိုက်စစ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုကတော့ အယ်လ်နာဆာအသင်းမှာ သူ ကောင်းကောင်း အထိုင်ကျနေခဲ့ပြီလို့ ဖွင့်ဟလိုက်ပါတယ်။
မနေ့က ကစားခဲ့တဲ့ ဒါမက်နဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူကာ ရော်နယ်ဒိုက ခြေစွမ်းပြခဲ့ပါတယ်။ ဒါဟာ သူ့အတွက်တော့ ဆော်ဒီလိဂ်မှာ ဒုတိယအကြိမ် ဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ပြီး အပျင်းပြေကို ဂိုးတွေ သွင်းနေသလို ဖြစ်ကာ စိတ်ကျေနပ်စရာ ညတညဖြစ်လာခဲ့ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာတော့ ရော်နယ်ဒိုက သူ အခြေကျ ပျော်ရွှင်နေပြီ ဖြစ်တဲ့ အကြောင်း အခုလို ပြောဆိုခဲ့တာပါ။

“ကျနော် ပျော်ရွှင်မိပါတယ်၊ အခုဆိုရင် အသင်းနဲ့အတူ ပိုပြီးတော့ လိုက်လျောညီထွေဖြစ်နေပါပြီ၊ အသင်းဖော်တွေရဲ့ လှုပ်ရှားမှုကိုလည်း ကျနော်နားလည်နေပြီး ဒီမှာ မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန်ပဲ အထိုင်ကျခဲ့ပါတယ်၊ အရေးကြီးဆုံးကတော့ အသင်းပါပဲ” လို့ ပြောဆိုခဲ့ကာ သူ့ရဲ့ အခြေအနေကို အသိပေးခဲ့ပါတယ်။
ဒီပွဲအပြီးမှာလည်း ရော်နယ်ဒိုက “စပါယ်ရှယ်ညတည” လို့ ရေးသားကာ သူ့ရဲ့ အောင်ပွဲခံဟန်ပုံတွေကို လူမှုကွန်ရက် ပေါ်မှာ တင်ထားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်မှာ ၅ ပွဲသာ ကစားထားရသေးပေမယ့် ၈ ဂိုးအထိ သွင်းယူ ပေးထားပြီးဖြစ်ကာ တပွဲတည်း ၄ ဂိုးသွင်းတာက တကြိမ်၊ ၃ ဂိုးသွင်းတာက တကြိမ်ပါဝင်ခဲ့ကာ ဆော်ဒီ လိဂ် သမိုင်းမှာတော့ သူက ထူးခြား စံချိန်သစ်တွေပါ ရယူထားနိုင်ခဲ့ပါတယ်။
လက်ရှိမှာလည်း ရွှေဖိနပ်ဆုအတွက် သူက ပြိုင်ဘက်တွေကို ခြိမ်းခြောက်နေပြီဖြစ်ကာ ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့် ၄ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
သူ့ရဲ့ အယ်လ်နာဆာအသင်းဖော် တယ်လစ္စကာက ၁၅ ပွဲမှာ ၁၃ ဂိုးသွင်းယူကာ ထိပ်ဆုံးက ဦးဆောင်နေပြီး ရော်နယ်ဒိုက ၅ ပွဲမှာ ၈ ဂိုးသွင်းယူထားပြီး ၅ ဂိုးအကွာနဲ့ အမီလိုက်ရမှာလည်းဖြစ်ပါတယ်။ အယ်လ်နာဆာကလည်း အမှတ်ပေးဇယားမှာ အယ်လ်အီတီဟိတ်ကို ၂ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။