ဒီရာသီ ရစရာ ဖလားလေးလုံးထဲက ပထမဆုံး တစ်ခု သိမ်းလိုက်တဲ့ ကာရာဘောင်း ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်

ဒီတပတ် စူပါဆန်းဒေးရဲ့ ရင်ခုန်စရာအကောင်းဆုံး ပွဲစဉ်ဖြစ်တဲ့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ကစ်စမဲရိုး၊ ဘော့ဒ်မန်း (OG) တို့ရဲ့ သွင်းဂိုးတွေနဲ့ နယူးကာဆယ်အသင်းကို (၂-ဝ)ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

ဒီဖလားဟာ ၆ နှစ်ကျော် ကြာပြီးနောက် မန်ချက်စတာ ယူနိုက်တက် ပြန် ရလာတဲ့ ပထမဆုံး ဆုဖလားလည်း ဖြစ်ပါတယ်။

ညက ပွဲအစမှာ နယူးကာဆယ်က လျင်လျင်မြန်မြန်နဲ့ ကစားခဲ့ပြီး စိန့်မက်ဆီမင်ရဲ့ ထိုးဖောက်မှုတွေကို ဒါလော့ မနည်း ကာကွယ်နေရလို့ ယူနိုက်တက်တို့ အခက်တွေ့မယ်ထင်ခဲ့ရပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ယူနိုက်တက်က ပွဲကိုစိုးမိုးသွားခဲ့ပြီး မိနစ် ၃၀ ကျော်မှာတော့ ဂိုးတွေ ဆက်တိုက်သွင်းသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းက (၄-၂-၃-၁)ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး နယူးကာဆယ်အသင်းကတော့ (၄-၃-၃) ကစားကွက်နဲ့ ယူနိုက်တက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။

ဒါပေမဲ့ ဂွီမာရေ့စ်ဦးဆောင်တဲ့ နယူးကာဆယ်ကွင်းလယ်က ယူနိုက်တက်ကို မယှဉ်နိုင်ခဲ့ဘဲ တောင်ပံက မက်ဆီမင်နဲ့ အယ်မီရွန်တို့ကိုပဲ အားကိုးနေခဲ့ရချိန်မှာ အယ်လ်မီရွန်က လုခ်ရှောကို မကျော်နိုင်ခဲ့လို့ နယူးကာဆယ်တို့ အခက် တွေ့ခဲ့ရတဲ့ ပွဲဖြစ်သွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့အဖွင့်ဂိုးကို ပွဲချိန် (၃၄)မိနစ်အရောက်မှာ ကက်စ်မဲရိုးက ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကြောင့်ရခဲ့တဲ့ ပြစ်ဒဏ်ဘောကို လုခ်ရှောက ဘယ်တောင်ပံ ဧရိယာထိပ်နားကနေ ဂိုးဧရိယာထဲကို ဖြတ်တင်ပေးခဲ့လိုက်ရာမှာ ကစ်စမဲရိုးက ဂိုးရဲ့(၆)ကိုက်ဧရိယာအတွင်း အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့အပြီးမှာလည်း ယူနိုက်တက်တို့ဟာ တိုက်စစ်အားမကျဘဲ အနိုင်သေချာစေမယ့် သွင်းဂိုးတွေ ထပ်မံရယူဖို့ ဆက်လက်ကြိုးစားခဲ့ပါတယ်။

ပွဲချိန် (၃၉)မိနစ်အရောက်မှာတော့ ကွင်းလယ်ကနေ ကက်စမဲရိုးရဲ့ ပေးပို့မှုကို တိုက်စစ်မှူး ဝက်ဂျ်ဟော့စ်က တောင်ပံတလျောက်ဆွဲပြေးခဲ့ပြီး နေရာလွတ် ရှိနေရာကို ပြေးထွက်ဖို့ အဆင့်သင့်ပြင်နေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဆီကို မျှောပေးလိုက်ရာမှာ ရက်ရှ်ဖို့ဒ်က အဆုံးသတ်ပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဒုတိယမြောက် ဦးဆောင်ဂိုးကို ရရှိသွားခဲ့ပြန်ပါတယ်။

ဒီဂိုးမှာ ရက်ရှ်ဖို့ဒ်ရဲ့ ထိုးဖောက်ကန်သွင်းချက်က နယူးကာဆယ်နောက်ခံလူ ဘော့တ်မန်းနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာကြောင့် ဘော့တ်မန်းရဲ့ OG အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ပွဲချိန် (၄၃)မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် အယ်လ်မီရွန် က ခေါင်းတိုက်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ဂိုးတိုင်နား ကပ်ထွက်သွားခဲ့ပြန်တာကြောင့် နယူးကာဆယ်တို့ ချေပဂိုးနဲ့ လွဲခဲ့ရပြီး ပထမပိုင်းအပြီးမှာ ယူနိုက်တက်တို့က (၂-ဝ)ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နယူးကာဆယ်က ခပ်ကြမ်းကြမ်းအဝင်အထွက်တွေနဲ့ ချေပဂိုးရဖို့ အားထုတ်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုအသာ နဲ့ ဖိအားပေးကစားလာနိုင်ခဲ့ပေမယ့် ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့ အမှားမရှိသလို

ဒီဂီယာကလည်း ဂိုးသွင်းခွင့်တွေကို ကာကွယ်နိုင်ခဲ့လို့ (၂-ဝ)ဂိုးနဲ့ ပွဲပြီးခဲ့ပြီး နည်းပြအဲရစ်တန်ဟက်လက်ထက် ပထမဆုံး ရာသီမှာပဲ လိဂ်ဖလားချန်ပီယံဆု ကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ကာရာဘောင်းဖလား သိမ်းပိုက်ပြီးနောက် အက်ဖ်အေဖလား၊ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် တို့ကို ဗိုလ်စွဲဖို့ ဆက်လက် ကြိုးစားခွင့် ရှိနေပါသေးတယ်။