ချဲလ်ဆီးလို ငွေ ဗုံးပေါလအော မသုံးဘဲ ဈေးချို တန်ကောင်း ကစားသမားလေးတွေ ခေါ်တဲ့ အာဆင်နယ် ချီးကျူးခံနေရ
အာဆင်နယ် အသင်း အနေနဲ့ လက်ရှိမှာ ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက် အဝေးကွင်းနိုင်ပွဲရယူခဲ့ပြီးနောက် သူတို့ရဲ့ ဇန်နဝါရီ ခေါ်ယူမှုတွေအတွက် ကျွမ်းကျင်သူတွေက ချဲလ်ဆီးအသင်းနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးလာခဲ့ကြပါတယ်။
ကျွမ်းကျင်သူတွေအနေနဲ့ နာမည်မတပ်ခဲ့ပေမယ့် အာဆင်နယ်တို့ကို ဆောင်းရာသီမှာ ပေါင်သန်း ၁၂၀ ချွေတာနိုင်ခဲ့ပြီး တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်နဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုတို့လို ကစားသမားတွေက ပါးနပ်တဲ့ ခေါ်ယူမှုတွေဖြစ်ခဲ့သလို အသင်းကို အကျိုးပြုနိုင်ခဲ့တယ်လို့ ဖရိုဖရဲနဲ့ ပြိုကွဲနေတဲ့ ဘိုလီဘဲရဲ့ အသင်းနဲ့ ယှဉ်ပြောခဲ့ကြတာပါ။
ပထမ ပွဲထွက်လူစာရင်းက ကစားသမားတွေ မပါနိုင်ရင် ဒုက္ခရောက်တတ်လေ့ရှိတဲ့ ဂန်းနားတွေအနေနဲ့ သူတို့ရဲ့ Plan B Signing တွေ အဖြစ် ခေါ်ယူမှုသုံးခုကို ဇန်နဝါရီမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ခံလူ ဂျာကုဘ် ကီဗီယာ၊ ကွင်းလယ်လူ ဂျော်ဂျင်ညိုနဲ့ တိုက်စစ်/တောင်ပံသမား ထရော့ဆတ်တို့ကို သုံးဦးပေါင်း ပေါင်သန်း ၅၀ သာ အသုံးပြုခဲ့ပြီး ပိုလန်ခံစစ်မှူးက မကစားရသေးချိန်မှာ ကျန်တဲ့ နှစ်ဦးကတော့ အလုပ်ဖြစ်ခဲ့ကြပါတယ်။

ဂန်းနားတွေအနေနဲ့ ဆောင်းရာသီ ပစ်မှတ်တွေကို ကြိုးစားခဲ့ရာမှာ ချဲလ်ဆီးကို ရောက်သွားတဲ့ မိုက်ခေလို မူဒရစ်ခ်နဲ့ ဘရိုက်တန်ရဲ့ မွိုက်ဆက်စ် ကိုင်စီဒိုအတွက် နှစ်ဦးပေါင်း ပေါင်သန်း ၁၅၀ ကျော်အထိ အသုံးပြုဖို့ ပြင်ဆင်ခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့နောက် လက်ရှိ အလုပ်ဖြစ်နေတဲ့ ဂျော်ဂျင်ညိုနဲ့ ထရော့ဆတ်တို့အတွက် ပေါင် ၃၃ သန်းသာ ကုန်ကျခဲ့တာပါ။
နည်းပြ မီခယ်လ် အာတီတာကတော့ “ပျော်လိုက်တာဗျာ”လို့ သူ့ရဲ့ ကစားသမားသစ်နှစ်ဦးအတွက် ကောင်းချီးပေးသွားခဲ့ပြီး “ကျွန်တော်တို့တွေအနေနဲ့ မရလိုက်တဲ့ အခွင့်အရေးတွေနဲ့ မလုပ်နိုင်ခဲ့တာတွေအတွက် စိတ်ပျက်နေလို့ အပိုပဲဗျ။ ဖြစ်နေတဲ့ အနေအထားပေါ်မှာ အကောင်းဆုံး ပြောင်းလဲပြီး လုပ်ဆောင်တတ်ဖို့ပဲ အရေးကြီးတယ်။ ဒီအပြောင်းအရွှေ့ကာလမှာ ကျွန်တော်တို့ အဆင်ပြေခဲ့ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။
ထရော့ဆတ်ဟာ မော်ဒန်တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး တောင်ပံသမားတစ်ဦးဘဝကနေ ဘရိုက်တန်မှာ အသွင်ပြောင်းလဲ တိုးတက်လာခဲ့သလို တိုက်စစ်ပိုင်းမှာ ဘယ်နေရာမဆို ကစားနိုင်နေခဲ့ပြီး အသင်းက လိုအပ်နေတဲ့ False 9 Role မှာလည်း ခြေစွမ်းပြနိုင်ကြောင်းကို လက်စတာနဲ့ပွဲမှာ ပြသခဲ့တဲ့ အချိန်မှာ ဂျော်ဂျင်ညိုကလည်း သူ့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်လာခဲ့တာပါ။
သောမတ်စ် ပါတေးနေရာအတွက် လူသစ်ခေါ်မယ်လို့ ဆိုတုန်းက အသင်းရဲ့ ကြိုးစားမှုတွေနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်က တိုက်ရိုက် အစားထိုးမှုအဖြစ် ဘရိုက်တန်ရဲ့ ကိုင်စီဒိုကို ခေါ်ယူဖို့ ဖြစ်ခဲ့ပေမယ့် အရန်ပစ်မှတ်ဖြစ်ခဲ့တဲ့ ရီးရဲလ်ဆိုစီဒက်ရဲ့ မာတင် ဇူဘီမန်ဒီကတော့ ဂျော်ဂျင်ညိုလိုမျိုး Deep Lying ဆန်ဆန် နည်းစနစ်ပိုင်း ကြွယ်ဝတဲ့ ကွင်းလယ်အဖျက်သမားဖြစ်နေခဲ့ပါတယ်။
ပါတေး မပါဝင်နိုင်တဲ့ ဗီလာ၊ လက်စတာတို့နဲ့ ပွဲစဉ်တွေမှာ ဂျော်ဂျင်ညိုအနေနဲ့ မိနစ် ၁၈၀ လုံးလုံး ကစားခွင့် ရရှိခဲ့ပြီး မတူညီတဲ့ ကစားဟန်နဲ့ အာဆင်နယ်ကွင်းလယ်ကို ဦးဆောင်မှုပေးနိုင်ခဲ့သလို အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကတော့ ဘရာဇီးလ်ဖွား အီတလီလက်ရွေးစင်ရဲ့ အသင်းကို ယူဆောင်လာခဲ့တဲ့ ဉာဏ်ရည်မြင့်မားမှု၊ အတွေ့အကြုံနဲ့ ပွဲကို ထိန်းချုပ်နိုင်မှုတွေကို ထောက်ခံချက်ပေးသွားခဲ့တာပါ။
နည်းပြ အာတီတာကတော့ အက်စ်တန်ဗီလာနဲ့ လက်စတာတို့ကို အဝေးကွင်းတွေမှာ ဆက်တိုက်အနိုင်ရဖို့ဆိုတာ ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပေမယ့် သူတို့တွေအနေနဲ့ အနိုင်ရဖို့ ထိုက်ထိုက်တန်တန် လုပ်ဆောင်နိုင်ခဲ့တယ်လို့ အသင်းကို ချီးကျူးလိုက်ပြီး ပါတေး ဒဏ်ရာရနေချိန်မှာ ဂျော်ဂျင်ညိုရဲ့ အစားထိုးမှု တန်ဖိုးဟာ ကြီးမားလွန်းကြောင်းလည်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။
ဒီအချိန်မှာ အာဆင်နယ်တို့ရဲ့ ပေါင် ၃၃ သန်းတန် ခေါ်ယူမှုနှစ်ဦးနဲ့ပဲ ချိန်ကြည့်ရင် ကွင်းလယ်က အန်ဇို ဖာနန်ဒက်ဇ်နဲ့ တောင်ပံက မူဒရစ်ခ်တို့ အတွက် ပေါင် ၁၉၅ သန်းအထိ အသုံးပြုထားခဲ့ပြီး ပေါင် ၁၆၂ သန်းအထိ ပိုသုံးထားခဲ့တဲ့ ချဲလ်ဆီးတို့ကတော့ ရှုံးပွဲတွေနဲ့ပဲ ကြုံတွေ့နေခဲ့ချိန်မှာ ဂန်းနားတွေရဲ့ ပါးနပ်တဲ့ Transfer Business ကတော့ ကျွမ်းကျင်သူတွေ ထုတ်ဖော်ချီးကျူးခဲ့တာ မလွန်ဘူးလို့လည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။