ဖီဖာက ပေးတဲ့ အကောင်းဆုံး ဆုကို ရခဲ့ပြီး ရော်နယ်ဒို၊ လီဝန်ဒေါစကီးတို့နဲ့ မှတ်တမ်းတူသွားတဲ့ လီယွန်နယ် မက်ဆီ

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ရရှိအောင် ဦးဆောင်ပေးခဲ့ပြီးနောက် ၂၀၂၂ ဖီဖာ အကောင်းဆုံး ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ကစားသမား ဖြစ်လာခဲ့ပါတယ်။

သူဟာ ၅ကြိမ်မြောက် ကမ္ဘာ့ဖလားမှာ နောက်ဆုံးတော့ အောင်မြင်မှု ရရှိခဲ့တာဖြစ်ပြီး နိုင်ငံအသင်းအတွက် အရေးပါတဲ့နေရာကနေ ပါဝင်ပေးခဲ့ပါတယ်။

မက်ဆီဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အရင်က တခါမှ မရရှိခဲ့ဖူးတဲ့ ၇ဂိုးသွင်း၊ ၃ဂိုး ဖန်တီးပေးခဲ့တာဖြစ်ပြီး အထူးသဖြင့်ဗိုလ်လုပွဲမှာ ၂ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်း‌ခေါင်း‌ဆောင်ဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွှေဘောလုံးဆုကိုလဲ ရရှိခဲ့သလို ၂၀၁၄တုန်းကလဲ အဆိုပါဆုကို ရရှိခဲ့ဖူးတာကြောင့် ‌ရွှေဘောလုံးဆု နှစ်ကြိမ်ရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီနဲ့ ဖလားမအောင်မြင်သေးပေမယ့် ၂၈ပွဲမှာ ဂိုးနဲ့ဖန်တီးမှုပေါင်း ၃၃ကြိမ် ရရှိ ထားတာဖြစ်ပြီး ဂယ်တီယာရဲ့အသင်းဟာ လီဂူးဝမ်းဇယားထိပ်မှာ ၈မှတ် ဖြတ်ထားတာ ဖြစ်ပါတယ်။

တနင်္လာနေ့ကရခဲ့တဲ့ ဖီဖာ အကောင်းဆုံးဆုဟာ ၂၀၁၆ မှာ စတင်တီထွင်ခဲ့ပြီးနောက်ပိုင်း မက်ဆီရဲ့ ဒုတိယအကြိမ် ရရှိတဲ့ဆု ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ခရစ္စတီယာနို ရော်နယ်ဒို (၂၀၁၆,၂၀၁၇)၊ လီဝန်ဒေါစကီး (၂၀၂၀၊၂၀၂၁) တို့နဲ့အတူ ဒီဆုကို နှစ်ကြိမ်ရဖူးတဲ့ ကစားသမားစာရင်း ဝင်သွားပါတယ်။

မက်ဆီဟာ ဆယ်ကျော်သက်၊ အသက်၂၀ကျော်၊ ၃၀ကျော်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားလဲ ဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ မက်ဆီရဲ့ နိုင်ငံအသင်းဖော် မာတီနက်ဇ်ကလည်း ရီးရဲလ်ဂိုးသမား ကေ်ာတိုရစ်ကို ကျော်ကာ အကောင်းဆုံး ဂိုးသမားဆုကို ရခဲ့ပါတယ်။