မန်ယူ အန်းဖီးကို လာရင် အကျအန ဧည့်ခံမယ်လို့ ပွဲကြိုစကား ပါးလိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူး နည်းပြ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ဝုလ်ဗ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် လာမယ့် တနင်္ဂနွေနေ့မှာ သူတို့နဲ့ ပြိုင်ဘက်အဖြစ် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်ကို ဒါဘီပွဲအတွက် အဆင်သင့် ပြင်ထားဖို့ သတိပေးသွားခဲ့ပါတယ်။

ညကပွဲမှာ လီဗာပူးက ဝုလ်ဗ်ကို ကစားပုံပိုင်းအရ အသာစီး မရခဲ့ပေမယ့် ဗန်ဒိုက် ပြန်လည် ပါဝင်လာတဲ့ ခံစစ်ကြောင်းက အတော်လေး တည်ငြိမ်နေတာကြောင့် ပြိုင်ဘက်ကို ဂိုးသွင်းခွင့် အမြောက်အမြား မပေးခဲ့ရသလို တိုက်စစ်ပိုင်းကလည်း ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။

ဒါကြောင့် လီဗာပူးရဲ့ ကစားဟန်က အတက်ဘက်ကို ရောက်လာပြီလို့ ပြောရမှာ ဖြစ်ပြီး လီဗာပူးက လာမယ့် တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်ဒါဘီ အဖြစ် ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ထပ်မံ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ ရေကုန်ရေခမ်း တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားတာကြောင်း ဆိုလာပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က ခြေစွမ်းမှန်နေတဲ့ ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင် ကစားရတော့မှာပါ။ ပြီးတော့ အဲ့ဒီပွဲက ကြီးကျယ်တဲ့ ပွဲတပွဲပါ။ ကျွန်တော်တို့က အဲ့ဒီပွဲ အတွက် အဆင်သင့် ဖြစ်နေအောင် လုပ်ထားပါမယ်။ ကျွန်တော်တို့က သူတို့ကို ကြီးမားတဲ့ တိုက်ပွဲ တခုနဲ့ ဧည့်ခံသွားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လတ်တလောမှာ ကာရာဘောင်းဖလားကို ရထားသလို နိုင်ပွဲဆက်နေတာကြောင့် လီဗာပူး အတွက် အင်္ဂလန်ဒါဘီပွဲဟာ ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။