စပိန်နဲ့ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ် ကို ချယ်ဆီးအသင်း ချိတ်ဆက်နေတဲ့ အခြေအနေ

ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင် အသင်း နည်းပြဟောင်း လူးဝစ် အင်းနရစ်ကို ချယ်ဆီးအသင်းက ချိတ်ဆက်နေတယ် သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမန်နို က သုံးသပ် ရှင်းလင်းမှုတွေ ပြုလုပ်သွားပါတယ်။

ချယ်ဆီးအသင်းဟာ ဂရေဟမ် ပေါ်တာ အပေါ် စိတ်ရှည်မှု ကုန်ဆုံးလာနေပြီ ဖြစ်ပြီး လာမယ့် နှစ်ပွဲ ရလဒ် မကောင်းရင် ထုတ်ပယ်ဖို့ သတိပေးထားတယ်လို့ပါ သတင်းထွက်နေပါတယ်။

ပေါ်တာ ထွက်ခွာရင် ဘယ်လို ထိပ်တန်း နည်းပြမျိုး ချယ်ဆီးက ခန့်အပ်မလဲ စိတ်ဝင်စားနေကြပြီး စပိန်နဲ့ ဘာစီလိုနာ အသင်း နည်းပြဟောင်း အင်းနရစ်နဲ့ အသံ ထွက်လာတာ ဖြစ်ပါတယ်။

သတင်းထောက် ရိုမန်နိုက ” လူးဝစ် အင်းနရစ် ဆိုတာ ထိပ်တန်း နည်းပြ တစ်ဦးပါ။ ဒီတော့ အသင်း နည်းပြ ရာထူးတွေနဲ့ ပတ်သတ်တဲ့ သတင်းတွေမှာ သူ့နာမည် မြင်ရတာ ပုံမှန်ပါပဲ။ သူက ဘယ် ကလပ် အသင်းနဲ့မှတော့ တရားဝင် ဆွေးနွေးနေတာ မရှိဘူး။ ” လို့ ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

” ကျနော် သေချာ ပြောနိုင်တာ တစ်ခုကတော့ အင်းနရစ်ဟာ ကမ္ဘာ့ဖလား ပြီးတော့ ဘောလုံးလောကထဲ ပြန်ဝင်လာချင်နေပြီ ဆိုတာ ပါပဲ။ သူက လာမယ့် လတွေ အတွင်း အလုပ် ပြန်လုပ်ချင်ပါပြီ။ သူ နား မနေချင်တော့ဘူး။ ” လို့လည်း ရိုမန်နိုက ဆိုခဲ့ပါတယ်။

ချယ်ဆီး ပရိသတ်တွေဟာ တူချယ်ကို ရုတ်တရက် ထုတ်ပယ်လိုက်ပြီး ခန့်အပ်ခံလိုက်ရတဲ့ ပေါ်တာကို သဘောမကျခဲ့ပါဘူး။ တကယ်လို့ လူးဝစ် အင်းနရစ် ဆိုရင်ရော လက်ခံနိုင်ကြမလား မေးခွန်း ထုတ်စရာ ရှိနေပါတယ်။ တူချယ်ကတော့ အသင်းဟောင်းထံ ပြန်လာဖွယ် မရှိသေးပါဘူး။