မန်ယူ ရဲ့ သမိုင်းဝင် စံချိန်တင် ရှုံးပွဲ၊ တန်ဟက် အတွက်ပါ ဂိုးအပြတ်ဆုံး ရှုံးပွဲ ဖြစ်သွားတဲ့ မှတ်တမ်းဆိုးများ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အန်ဖီးလ်မှာ လီဗာပူးလ်အသင်းကို (၇-ဝ)ဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒါက သူတို့ရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဂိုးပြတ်ရှုံးပွဲဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီရှုံးပွဲဟာ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်အတွက် နည်းပြဘဝ တစ်လျှောက်မှာ အကြီးမားဆုံးဂိုးပြတ်ရှုံးပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းအတွက် ပထမပိုင်း(၄၃)မိနစ်မှာ ဂတ်ပိုက အဖွင့်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်းစလို့ (၅)မိနစ် အတွင်းမှာပဲ ဒါဝင်နူးနက်ဇ်၊ ဂတ်ပိုတို့က ဂိုးတွေဆက်တိုက်သွင်းခဲ့တာကြောင့် လီဗာပူးလ်တို့ (၃-ဝ)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ လက်ကျန် ဂိုးတွေကိုတော့ ဆာလာ(၂ဂိုး)၊ ဒါဝင်နူးနက်ဇ်၊ ဖေမီနိုတို့က သွင်းယူခဲ့ပြီး ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာတင် မဟုတ်ဘဲ အင်္ဂလန်အမှတ်ပေး ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲ ရယူခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း အန်ဖီးလ်မှာ (၄-ဝ)ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်နဲ့ ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ (၁၁)ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ နည်းပြဟောင်းဗန်ဟားလ်လက်ထက် ၂၀၁၆ ခုနှစ်ကတည်းက လီဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ရတဲ့ မှတ်တမ်းဆိုးကို မရပ်တန့်နိုင်သေးဘဲ ၂၀၁၆-၁၇ ရာသီကနေ အခုရာသီအထိ ပရီးမီးယားလိဂ်မှာ (၃)ပွဲသရေ၊ (၄)ပွဲရှုံးနိမ်ခဲ့သလို အဲဒီ(၇)ပွဲမှာ (၁)ဂိုးသာသွင်းယူခဲ့ပြီး ပေးဂိုး(၁၆)ဂိုးအထိရှိခဲ့ပါတယ်။
အခုရှုံးပွဲက ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အကြီးမားဆုံး ဂိုးပြတ်ရှုံးပွဲဖြစ်တဲ့အပြင် အသင်း သမိုင်းမှာ ပြိုင်ဘက်အသင်းကို စတုတ္ထအကြိမ်မြောက်အဖြစ် (၇-ဝ)ဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၁၉၂၆ ဧပြီလ(၁၀)ရက်မှာ ဘလက်ဘန်း၊ ၁၉၃၀ ဒီဇင်ဘာလ (၂၇)ရက်မှာ အက်စတွန်ဗီလာ၊ ၁၉၃၁ ဒီဇင်ဘာ(၂၆)ရက်မှာ ဝုလ်ဗ်တို့ကို (၇-ဝ)ဂိုးပြတ် ရှုံးခဲ့တာဖြစ်ပြီး (၉၁)နှစ်၊ (၂)လ၊ (၇)ရက်အကြာမှာ အဲဒီ ရလဒ်ဆိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ရပါတယ်။