ကိုယ့်အခြေအနေကို မသိဘဲ အာဆင်နယ်နဲ့ စီးတီးကို ဖြုတ်ချဖို့ ကြံစည်ခဲ့ကြတဲ့ မန်ယူ အသင်းသားများ အကြံ ပေါက်ကြား

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ လီဗာပူးလ်နဲ့တွေ့ပြီး အခြေအနေမှန်ကို မသိခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားက ထိပ်ဆုံး ၂ သင်းနဲ့ပတ်သက်ပြီး အပြောကြီးခဲ့ကြတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ တနင်္ဂနွေနေ့ညနေခင်းတုန်းက အန်းဖီးမှာ အကြီးမားဆုံး ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး အဓိက ပြိုင်ဘက် ဖြစ်တဲ့ လီဗာပူးလ်ကို ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဒုတိယပိုင်းမှာ ၆ ဂိုးအထိ သွင်းယူသွားခဲ့ပြီး ပြီးခဲ့တဲ့ပွဲစဉ်တွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ ခြေစွမ်းကြောင့် ဘယ်သူမှ မမျှော်မှန်းထားတဲ့ ရလဒ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်က လီဗာပူးလ်နဲ့ပွဲမတိုင်ခင် တစ်ပတ်လောက်ကမှ ကာရာဘောင်းဖလားကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ၆ နှစ်တာ ကာလအတွင်း မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံး ဆုဖလား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက အထင်ကြီးဖွယ် ခြေစွမ်းပြသနေခဲ့ပြီး အသင်း အတွင်းပိုင်းမှာလည်း ဆုဖလားအတွက် အပြင်ဘက်ကနေ စိန်ခေါ်နိုင်တဲ့သူတွေလို့ ကိုယ့်ကိုကိုယ် ယူဆမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒေးလီးမေးလ် သတင်း အဆို အရ မန်ချက်စတာယူနိုက်တက်အသင်းသားတွေရဲ့ WhatsApp chat ထဲမှာ ကစားသမားတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ယခုရာသီတလျှောက်လုံး ဦးဆောင်နေကြတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကို အမှီလိုက်မယ့်အကြောင်း ပြောခဲ့ကြတယ်လို့ သိရပါတယ်။

မာဆေးဆိုဒ်မှာ အရှက်ရဖွယ် ရှုံးပွဲနဲ့ မရင်ဆိုင်ရခင်အထိ မန်ချက်စတာယူနိုက်တက် အသင်းသားတွေဟာ ယခုရာသီ ပရီးမီးယားလိဂ် ဖလားကိုပါ စိန်ခေါ်နိုင်တယ်လို့ ယုံကြည်ချက်တွေ ကြီးထွားခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် စီနီယာကစားသမားတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက စွမ်းဆောင်ရည်အတိုင်း ပြသဖို့ ရုန်းကန်နေရချိန်မှာ ခံစစ်ပိုင်း အပြစ်အနာအဆာတွေ အကုန်ပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အန်းဖီးမှာ တန်ဟက်ရဲ့ အသင်းဟာ လီဗာပူးလ်ကို ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ခဲ့ဘဲ လက်ရှိမှာတော့ အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးလ်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ၃ ဂိုးနဲ့ အထက်ခွင့်ပြုခဲ့ရပြီ ဖြစ်ပါတယ်။