ချဲလ်ဆီး ကို ပင်နယ်တီ ပြန်ကန်ခိုင်းတဲ့ အပေါ် မကျေမနပ် ပြောဆိုသွားတဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်
မနေ့ညက စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ အိမ်ရှင် ချဲလ်ဆီး အသင်းကို ပင်နယ်တီ ပြန်လည်ကန်သွင်းခိုင်းတာနဲ့ပတ်သက်ပြီး ဒေါ့မွန်ကွင်းလယ်တိုက်စစ်ကစားသမား ဘယ်လင်ဂမ်က လှောင်ပြောင်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး အသင်းက ဒေါ့မွန် ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက် သွားခဲ့ပါတယ်။
ဒေါ့မွန်ကစားသမားဝုလ်ရဲ့ ဧရိယာအတွင်းမှာ လက်နဲ့ထိခဲ့မှုအတွက် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီပင်နယ်တီကို ကိုင်ဟာဗက်ဇ်က ကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ ကန်သွင်းနေချိန်မှာ ဒေါ့မွန်ကစားသမား အော့ဇ်က ပင်နယ်တီဧရိယာအတွင်းထဲ ကြိုပြီး ရောက်နေခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင်က ပြန်လည် ကန်သွင်းစေရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
ဘယ်လင်ဂမ်က “ပင်နယ်တီကို ပြန်ကန်ခိုင်းတာက ဟာသတစ်ခုလို့ဖြစ်ခဲ့ပြီး ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။ ပင်နယ်တီတိုင်းကို အရှိန်လျော့ပြေးပြီး ကန်သွင်းဖို့ လုပ်ရင် လူတွေကတော့ ဧရိယာထဲ ပြေးဝင်လာကြမှာပါပဲ။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဆုံးဖြတ်ချက်ချသွားခဲ့ပါတယ်”လို့ ဆိုခဲ့ကာ ဒီဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။
ချဲလ်ဆီး ကတော့ လိဒ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ အနိုင်ရပြီးနောက် ဒေါ့မွန်ကို ချန်ပီယံလိဂ်မှာ ထပ်မံ အနိုင်ရရှိခဲ့တာပါ။
နည်းပြ ဂရေဟမ်ပေါ်တာကတော့ ဒီနိုင်ပွဲကြောင့် ဖိအားတွေလျော့ခဲ့ရပြီး အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဆီ အရောက်ပို့ပေးနိုင်ခဲ့ကာ နောက်ဆုံး ၈ သင်းအဆင့်ဖြစ်လို့ ဆုဖလားကိုပါ မျှော်လင့်နိုင်တဲ့ အနေအထားဖြစ်လာခဲ့ပါပြီ။ လက်ရှိခြေစွမ်းထက် ပိုကောင်းအောင်သာ လုပ်နိုင်ခဲ့မယ်ဆိုရင် မျှော်လင့်ချက် ပိုကောင်းလာမှာဖြစ်ပါတယ်။