အိမ်ပြန်ပြီး ဘာစီလိုနာကို ကိုင်တွယ်ချင်ပြီလို့ ကာတာကလပ်ကို ဖွင့်ပြောသွားတဲ့ ဇာဗီ
အယ်လ်ဆတ် မန်နေဂျာ ဇာဗီက သူ့ရဲ့ လက်ရှိအသင်းအား အိမ်ကိုပြန်ပြီး ဘာစီလိုနာအသင်းကို ကိုင်တွယ်ချင်ပါတယ်လို့ ထုတ်ပြောလိုက်ပါပြီ။
ဇာဗီဟာ ကလပ်ရဲ့ ကစားသမားတွေကို နုတ်ဆက်ခဲ့ပြီဖြစ်တယ်လို့လည်း သိရတယ်။ ဇာဗီ စပိန်ကို ပြန်နိုင်ဖို့က သူရဲ့လက်ရှိကလပ် အယ်လ်ဆတ်အသင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်လို့နေပါတယ်။ အယ်လ်ဆတ်ဘက်ကတော့ အခုချိန်ထိ ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။
ဒီရာသီမှာ ဘာစီလိုနာက ပြည်တွင်းကော ပြည်ပမှာပါ ရလဒ်ပိုင်း ဆိုးရွားနေခဲ့တာကြောင့် နည်းပြကေိုးမန်းကို အသင်းကနေ ထုတ်ပယ်လိုက်ပြီး သူ့နေရာမှာ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဇာဗီကို အစားထိုး ခန့်အပ်သွားဖို့ ဘာစီလိုနာဘက်က ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
ဇာဗီက “ ကျွန်တော် ဘာစီလိုနာနဲ့ ရက်အတန်ကြာ စကားပြောဆိုထားခဲ့ပြီး အားလုံးညိနှိုင်းခ့ပြီးပါပြီ။ ဒါပေမယ့် အခုက ကလပ်အသင်းတွေကြား ဆက်ပြီး ဆွေးနွေးညိနှိုင်းဖို့ပဲ ကျန်ပါတော့တယ်။ သူတို့ကြား သဘောတူညီမှုရဖို့ လိုပါတယ်။

ဘာစီလိုနာဘက်ကတော့ ဆွေးနွေးဖို့ ရောက်လာနေပြီး ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားနေတယ်။ ညိနှိုင်းမှု အောင်မြင်မလားကို ကြည့်ရပါမယ်။ ကျွန်တော်ကတော့ အိမ်အရမ်း ပြန်ချင်နေပါပြီ။ ပြန်ခွင့်ရဖို့လည်း မျှော်လင့်နေပါတယ်။
ကျွန်တော်က ဒီအသင်းနဲ့ စာချုပ်ရှိထားတာကြောင့် ကလပ်တွေချင်း ညိနှိုင်းဖို့တော့ လိုပါမယ်။ သူတို့လည်း ကျွန်တော်ရဲ့ အခြေအနေကို သိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
ကာတာကလပ် အယ်လ်ဆတ် အသင်းရဲ့ CEO ကတော့ သူတို့နည်းပြ ဇာဗီနဲ့ ဘာစီလိုနာ တို့ရဲ့ သတင်းတွေကို ထပ်မံ ငြင်းဆိုခဲ့ပြီး ဇာဗီဟာ ကာတာကလပ်ကနေ ဘယ်ကိုမှ ထွက်ခွာ မသွားပါဘူးလို့ ထပ်မံ ပြောဆိုခဲ့ပါတယ်။