စပို့တင်း – အာဆင်နယ်၊ မန်ယူ – ဘက်တစ် တို့ ဒီည ယူရိုပါလိဂ် ပွဲစဉ်များ အတွက် သုံးသပ် ခန့်မှန်းမှု
ဒီနေ့ညမှာတော့ ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်တွေကို စတင် ယှဉ်ပြိုင်ပါတော့မယ်။ ဒီပွဲစဉ်တွေထဲကမှ အာဆင်နယ် အသင်းနဲ့ မန်ယူအသင်းတို့ ပွဲတွေရဲ့ အခြေအနေကို အခုလို ပွဲကြို သုံးသပ် ခန့်မှန်းပေးလိုပါတယ်။
စပို့တင်း လစ္စဘွန်းနဲ့ အာဆင်နယ်
(သောကြာနေ့ မနက် ၁၂နာရီ ၁၅မိနစ်)
ဒီပွဲကတော့ ဒီတပတ် ကစားမယ့် ယူရိုပါလိဂ်ပွဲတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲလို့ ပြောရပါမယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး မေးစရာရှိတဲ့ တခုထဲသော အရာက အာဆင်နယ်ဟာ ယူရိုပါလိဂ်ကို အားထည့်ပြီး ယှဉ်ပြိုင်မလား ဆိုတာပါပဲ။ တကယ်လို့ အာဆင်နယ်ကသာ ခြေကုန်ထုတ်ပြီး ကစားမယ် ဆိုရင် ဒီပွဲမှာ အနိုင်ရမယ့်အသင်းက ဧည့်သည်တွေပဲ ဖြစ်နေပါလိမ့်မယ်။
စပို့တင်း လစ္စဘွန်းက ရွက်ပုန်းသီး ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားသလို လတ်တလောမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် အသင်းကြီးတွေနဲ့ တွေ့ဆုံရင်တော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ အာဆင်နယ်ကတော့ ပြောနေစရာကို မလိုလောက်အောင် ဒီရာသီမှာ ခြေစွမ်းပိုင်း အတည်ငြိမ်ဆုံး ပရီးမီးယားလိဂ် ကလပ်ပါ။ ဒါကြောင့် ဒီပွဲမှာ အာဆင်နယ်ကပဲ အသာစီး ရသွားနိုင်ပြီး ဂိုးပြတ် ၊ မပြတ်ကတော့ အာဆင်နယ်က ယူရိုပါလိဂ်ကို အားထည့် ကစားမလား ၊ မကစားဘူးလား ဆိုတဲ့ အပေါ်ပဲ မူတည်ပါလိမ့်မယ်။
ခန့်မှန်းရလဒ် – စပို့တင်း ၁-၂ အာဆင်နယ်
မန်ယူနဲ့ ဘက်တစ် (သောကြာနေ့ မနက် ၂နာရီခွဲ)
ပြီးခဲ့တဲ့ တပတ်မှာ လီဗာပူးကို ၇ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ခြေစွမ်းက အတက်ဘက်မှာ ရှိနေဆဲပါပဲ။ မထင်မှတ်ပဲ လီဗာပူးကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က လီဗာပူးကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တယ် ဆိုတာကို သတိထားရပါမယ်။ မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၂၀ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သလို မန်ချက်စတာ စီးတီး ၊ ဘာစီလိုနာ ၊ အာဆင်နယ် ၊ လီဗာပူး ၊ စပါး စတဲ့ အသင်းကြီးတွေ အားလုံးကို အနိုင်ယူထားပါတယ်။
တဖက်မှာတော့ ဘက်တစ်က လာလီဂါအသင်းပီပီ ကစားပုံ မာကျောကာ ဘယ်လိုအသင်းကိုမဆို ယှဉ်ကစားနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ဘက်တစ်နည်းပြ ပယ်လီဂရီနီကလည်း မန်ချက်စတာ စီးတီးနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရယူဖူးသူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် အသင်းတွေကို ဘယ်လို ကစားရမလဲ ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမယ့် ဘက်တစ်ရဲ့ အားနည်းချက်က တိုက်စစ်ကောင်းတဲ့ အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်တတ်ရတာပါပဲ။ ဘက်တစ်က အတ္တလန်တာ ၊ ဆဲလ်တာဗီဂို ၊ ဘာစီလိုနာ စတဲ့ တိုက်စစ်အားသန် အသင်းတွေနဲ့ တွေ့ရင် ဂိုးတွေ တရစပ် ပေးခဲ့ရသလို ရှုံးပွဲတွေလည်း ကြုံတွေ့ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကပဲ အနိုင်ရလဒ်ကို ရသွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် – မန်ချက်စတာ ယူနိုက်တက် ၂-၀ ဘက်တစ်