ဘောလုံးပွဲ သုံးသပ်ဆရာကြီး ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် သုံးသပ် ခန့်မှန်းချက်များ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ထွက်ရှိနေပါပြီ။

ဘုန်းမောက်-လီဗာပူးလ်

အာဆင်နယ်နဲ့ပွဲမှာ ကစားပုံကောင်းခဲ့တဲ့ ဘုန်းမောက်နဲ့ မန်ယူကို နှိပ်ကွပ်ခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ တွေ့ဆုံမှုကတော့ မာယာများနိုင်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နိုင်ပါတယ်။ ဘုန်းမောက်တို့အနေနဲ့ အမ်းမရိတ်မှာ အမှတ်လက်မဲ့ ပြန်ရဖို့ မထိုက်တန်ခဲ့ပေမယ့် သုညသာ ရခဲ့တာက ဒီတစ်ပွဲမှာ အစွမ်းကုန် ကြိုးစားဖို့ တွန်းအားနဲ့ ငါတို့လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးကို တစ်ဖက်က ပိုင်ဆိုင်စေမှာပါ။ လီဗာပူးလ်တို့ကတော့ ပြီးခဲ့တဲ့ပွဲမှာ တိုက်စစ်သုံးဦးစလုံး နှစ်ဂိုးစီ သွင်းနိုင်ခဲ့ပေမယ့် အဝေးကွင်းမှာတော့ ပုံစံကောင်း မရသေးတဲ့ အချက်ကို ထည့်တွက်ရမှာဖြစ်တာကြောင့် ဘုန်းမောက်တို့ အနိုင်ရသွားနိုင်ပါတယ်။

ဘုန်းမောက် 2-0 လီဗာပူးလ်

လိဒ်စ်ယူနိုက်တက်-ဘရိုက်တန်

နည်းပြသစ်နဲ့ လိဒ်စ်တို့အတွက်တော့ အိမ်ကွင်းဟာ အမှတ်တွေ ရသလောက် စုဆောင်းရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေ အနေနဲ့ ခြေမှန် မရသေးသလို နည်းပြအပြောင်းအလဲမှာ မှန်ကန်တဲ့ လူစာရင်းနဲ့ ကစားကွက်ကို မရွေးချယ်နိုင်သေးတာကိုလည်း တွေ့ခဲ့ရတာပါ။ ကိုင်စီဒိုကို စာချုပ်သက်တမ်းတိုးပြီး အလုံးစုံ တည်ငြိမ်သွားတဲ့ ဘရိုက်တန်တို့ကတော့ ကွင်းမရွေးတဲ့ ခြေစွမ်းကို ပြသနေပြီး စုစည်းမှုကောင်းနဲ့ ထက်မြက်တဲ့ ပုံစံကို ပိုင်ဆိုင်ထားတာကြောင့် ဒီနေ့ပွဲမှ သူတို့မနိုင်ရင် အံ့အားသင့်စရာဖြစ်နေပါလိမ့်မယ်။

လိဒ်စ် 0-3 ဘရိုက်တန်

အဲဗာတန်-ဘရန့်ဖို့ဒ်

အဲဗာတန်တို့အတွက်တော့ နိုင်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ ဆိုရမယ့် ပွဲမျိုးဖြစ်ပေမယ့် နော့တင်ဟမ် ဖောရက်စ်ကို ခပ်လွယ်လွယ်ပဲ ဂိုးတွေ ပြန်ပေးခဲ့ပုံကတော့ သူတို့ဘက်က နေချင်စရာ မကောင်းဘူးလို့ ဆိုရမှာပါ။ ဘရန့်ဖို့ဒ်တို့ကတော့ တိုက်စစ်က ဂိုးတွေ ကောင်းကောင်းသွင်းတတ်ပြီး ၁၂ ပွဲဆက်တိုက် ပရီးမီးယားလိဂ်ရှုံးပွဲမရှိအောင် ကစားထားနိုင်လို့ အထင်ကြီးစရာလည်းဖြစ်နေခဲ့ပါတယ်။ အဲဗာတန်တို့ အနိုင်ရဖို့ ဆိုတာက တော်တော့်ကို မိုးပျံနေကောင်အောင်းမှ ဖြစ်လာနိုင်ပြီး လက်ရှိခြေစွမ်းအတိုင်းဆိုရင်တော့ ဘရန့်ဖို့ဒ်တို့ အနိုင်ရပါလိမ့်မယ်။

အဲဗာတန် 1-2 ဘရန့်ဖို့ဒ်

လက်စတာစီးတီး-ချဲလ်ဆီး

ချဲလ်ဆီးကတော့ ဒီရက်ပိုင်းမှာ နည်းနည်း စိတ်ဝင်စားစရာကောင်းလာသလို လိဒ်စ်ကို အနိုင်ယူခဲ့အပြီးမှာ ဒေါ့မွန်ကိုလည်း ကျော်ဖြတ်ထားတာ ဖြစ်ပါတယ်။ နှစ်ပွဲဆက် ဂိုးမပေးရဘဲ အနိုင်ရခဲ့တာက ဂရေဟမ် ပေါ့တာရဲ့ အနေအထားကို တည်ငြိမ်စေသလို သူ့လူတွေကိုလည်း စိတ်ဓာတ်တက်ကြွစေပြီး အဝေးကွင်းမှာတော့ အစမ်းသပ်ခံနိုင်ပါ့မလားဆိုတာက နောက်ထပ် စာမေးပွဲအဖြစ် စောင့်ကြည့်ရမှာပါ။ လက်စတာတို့ကတော့ မက်ဒီဆန် ပြန်ပါလာချိန်မှာ အရင်ကထက် ကစားပုံ ကောင်းလာခဲ့ပြီး အမှတ်တွေ ဆက်တိုက်လျော့ထားချိန်မှာ အိမ်ကွင်း ကစားခွင့်ကို အလွယ်တကူနဲ့တော့ ဖြုန်းတီးပစ်ဖို့ မရှိနိုင်လို့ ဒီနေ့ပွဲက အမှတ်ခွဲယူကြမယ်ဆိုရင်လည်း ဖြစ်သွားနိုင်ပါတယ်။

လက်စတာ 1-1 ချဲလ်ဆီး

တော့တင်ဟမ်ဟော့စပါး-နော့တင်ဟမ်ဖောရက်စ်

နှစ်သင်းစလုံးအနေနဲ့ ငိုအားထက် ရယ်အားသန်စရာ ဖြစ်နေတာကတော့ နည်းပြတွေကို ဆက်ထားရမလား ဖြုတ်ပစ်ရမလားဆိုတာ အဆီတဝင်းဝင်းရော သဲတရှပ်ရှပ်ပါ ဖြစ်နေခဲ့ရတာပါ။ ကွန်တီရဲ့ ထူးမခြားနား မှတ်တမ်းနဲ့ ချန်ပီယံလိဂ်ကနေ ပြုတ်ခဲ့ပြီဖြစ်တဲ့ စပါးစ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ပေါက်ကွဲလာနိုင်ဖို့ ရှိနေပြီး ဒီပွဲမှာမှ သုံးမှတ် မရရင်တော့ အီတလီသားရဲ့ ကန်ထုတ်ခံရမှုကို မြင်တွေ့ရနိုင်ပါတယ်။ ဖောရက်စ်တို့ကတော့ အဝေးကွင်းဆိုရင် အနိုင်မယူတတ်တာ ကြာပြီဖြစ်ပြီး ပြိုင်ဘက်ကလည်း စပါးစ်ဖြစ်နေခဲ့လို့ ဒီနေ့ ကံမကောင်းပါလားဆိုတာကိုပဲ ရွတ်နေရဖို့ ရှိသလို အိမ်ရှင်တွေကတော့ ပရိသတ်တွေကို နိုင်ပွဲနဲ့ နှစ်သိမ့်သွားဦးမှာပါ။ (

စပါးစ် 3-0 ဖောရက်စ်

ခရစ္စတယ်လ်ပဲလေ့စ်-မန်ချက်စတာစီးတီး

မန်စီးတီးတို့ အာဆင်နယ်ကို လိုက်မီဖို့ ကြိုးစားနေပေမယ့် အပြိုင်ခြေချော်နေခဲ့ကြလို့ နှစ်သင်းကြားက ငါးမှတ်ဆိုတာက တည်မြဲနေခဲ့ပါတယ်။ ပဲလေ့စ်တို့ကတော့ ကောင်းမလိုလိုနဲ့ ဆိုးသွားလေ့ရှိတဲ့ အသင်းဖြစ်ပြီး မန်စီးတီးတို့နဲ့ တွေ့ရင်တော့ ခြေစွမ်းကောင်းတတ်သလို ဇာဟာ ပြန်လာနိုင်တာက သူတို့အတွက် အိမ်ကွင်းမှာ အားတက်စရာဖြစ်နေခဲ့တာပါ။ နည်းပြ ဗီယာရာအနေနဲ့ သူ့အသင်းဟောင်း အာဆင်နယ်တို့ဖို့ မန်ယူတို့ကို တားဆီးခဲ့သလိုမျိုး ဒီပွဲကိုလည်း ထပ်လုပ်ချင်မှာဖြစ်ပေမယ့် ဂွါဒီယိုလာရဲ့ ကစားကွက်ကို ပြိုင်ဆိုင်နိုင်ဖို့ ခက်မှာကြောင့် ဧည့်သည်တွေဘက်ကပဲ ရပ်တည်သွားချင်ပါတယ်။

ပဲလေ့စ် 0-2 မန်စီးတီး

မန်ချက်စတာယူနိုက်တက်-ဆောက်သမ်တန်

လီဗာပူးလ်ကို အဝေးကွင်းမှာ မရှုမလှ ရှုံးနိမ့်ထားခဲ့တဲ့ မန်ယူတို့အတွက် အိမ်ကွင်းမှာ ပြန်ပေါက်ကွဲရမှာဖြစ်ပေမယ့် တစ်ဖက်အသင်းကတော့ တန်းဆင်းဇုန်ရုန်းအားအပြည့်နဲ့ ဆောက်သမ်တန်ဖြစ်နေခဲ့လို့ မထင်တာတွေများ ဖြစ်လာမလားလို့ တွေးချင်စရာဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ဘက်တစ်ကို ဖုတ်ပြခဲ့အပြီးမှာတော့ သူတို့တွေအနေနဲ့ ပရီးမီးယားလိဂ်မှာပါ ပုံစံကောင်းကို ဆက်ထိန်းဖို့နဲ့ အာဆင်နယ်၊ မန်စီးတီးတို့ မှားရင် အခွင့်အရေးယူနိုင်ဖို့အတွက် ခရီးရှည်သေးချိန်မှာ ကြိုးစားကြည့်ကြဦးမှာပါ။ ဒီနေ့ပွဲမှာ ဆောက်သမ်တန်တို့ ကြိုးစားလာနိုင်ပေမယ့် အိမ်ရှင်တွေရဲ့ အိုးလ်ထရက်ဖို့ဒ် ကြွေးကြော်သံကို ခံနိုင်ဖို့ မရှိလောက်ဘဲ မန်ယူတို့ ဂိုးပြတ်နိုင်သွားဖွယ်ရှိနေပါတယ်။

မန်ယူ 4-0 ဆောက်သမ်တန်

ဝက်စ်ဟမ်းယူနိုက်တက်-အက်စ်တန်ဗီလာ

အမ်မရီကတော့ အသင်းကို လိမ်ဖယ်လိမ်ဖယ်နဲ့ပဲ တွန်းတင်ပေးနေခဲ့ပေမယ့် ဒေးဗစ်မွိုက်စ်ကတော့ ဟုတ်မလိုလိုနဲ့ အဖျားရှူးနေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့အနေနဲ့ ကစားပုံ မကောင်းဘူးတော့ မဟုတ်ပေမယ့် ပွဲတွင်းမှာ အလွယ်တကူ ပြိုလဲတတ်တာက ပြဿနာရှိနေခဲ့သလို ဗီလာတို့ကတော့ ပွဲတိုင်း ဂိုးသွင်းနေတဲ့ ဝပ်ကင်းစ်နဲ့ အဝေးကွင်းမှာ ထီထိုးကြည့်လာဖို့ ရှိပါတယ်။ ဂိုးအပြန်အလှန်သွင်းတဲ့ ပွဲတစ်ပွဲကို မြင်ရမှာဖြစ်ပြီး ဘယ်သူနိုင်နိုင် တူး-ဝမ်းလို့ပဲ ပြောရမှာပါ။ လန်ဒန်မှာ ကန်မယ့် ပွဲမှာတော့ အိမ်ရှင်တွေဘက်က အိမ်ရှင်အားသာချက်ရှိမယ်လို့ ယူဆရပြီး ဗီလာတို့ကတော့ အခွင့်အရေးနည်းတယ်လို့ ဆိုရပါလိမ့်မယ်။

ဝက်စ်ဟမ်း 2-1 ဗီလာ

ဖူလ်ဟမ်-အာဆင်နယ်

အဝေးကွင်းမှာ ကစားရမယ့် ဒီပွဲအတွက် အာတီတာကတော့ ကြိုတင်ပြင်ဆင်ထားမှာ အသေအချာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ မန်စီးတီးတို့ အဝေးကွင်းမှာပဲ ကစားရခက်တဲ့ ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် သူတို့တွေသာ ခြေချော်ခဲ့ရင် ဂန်းနားတွေအနေနဲ့ ဒီပွဲကို ရုန်းမှာပါ။ ဧပြီလထဲမှာ ပွဲကျပ်မယ့် အာဆင်နယ်တို့အနေနဲ့ အဝါကတ် ၁၀ ကတ်ထိထားလို့ ပယ်လင်ညာ မပါနိုင်တဲ့ ဖူလ်ဟမ်တို့ကို အဝေးကွင်းနိုင်ပွဲ ရယူဖို့ ကြိုးစားမှာဖြစ်ပါတယ်။ အာဆင်နယ်တို့အနေနဲ့ ပြိုင်ဘက်တွေရဲ့ အဓိက ကစားသမားတွေ ပွဲပယ်ခံရချိန်မှာ အချိန်ကိုက် တွေ့ဆုံရတတ်တာက ကံကောင်းမှုတစ်ခုလည်း ဖြစ်နေပြီး ဒီနေ့ပွဲမှာလည်း ချန်ပီယံဆုအတွက် ဆက်လက်အနိုင်ယူကြမှာပါ။

ဖူလ်ဟမ် 0-3 အာဆင်နယ်

နယူးကာဆယ်လ်ယူနိုက်တက်-ဝုဗ်

နယူးကာဆယ်လ်တို့အနေနဲ့ အဆင့် ၃ နဲ့ သာသာယာယာ ချန်ပီယံလိဂ် ဝင်တော့မလို အနေအထားကနေ ဆက်တိုက်ကို အိုးနင်းခွက်နင်းဖြစ်ပြီး ခံစစ်ကို ယုံစားလွန်းမှုတွေနဲ့အတူ ဘဝပျက်စပြုလာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်က တစ်ဂိုးထက် ပိုမသွင်းတတ်တာကြောင့် ခံစစ်ကို ယုံရင်း ဝမ်းဇီးနိုင်ပွဲတွေ ရယူဖို့နဲ့ အသင်းကြီးတွေ တွေ့ရင် ပိတ်ကစားဖို့ ကြိုးစားမှုကို နည်းပြ အက်ဒီဟောင်းအနေနဲ့ ပြင်ဆင်ရတော့မှာဖြစ်ပြီး အမှတ်ဆုံးရှုံးမှုကိုတော့ ဒီတစ်ပတ် ရပ်တန့်ဖို့ လုပ်ဆောင်လာနိုင်ပါတယ်။ ဝုလ်ဗ်စ်တို့ကလည်း အဓိက ကစားသမားတချို့ကို ဒဏ်ရာတွေကြောင့် ဆုံးရှုံးထားခဲ့ရလို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာတော့ ရလဒ်ကောင်းနိုင်ခြေနည်းပြီး တန်းဆင်းဇုန်က လွတ်တာနဲ့ အားလျှော့လိုက်ကျတဲ့ အသင်းတွေရဲ့ သံသရာအတိုင်း ဖြစ်လာနိုင်လို့ အိမ်ရှင်တွေပဲ အနိုင်ရဖို့ ဖြစ်လာပါလိမ့်မယ်။

နယူးကာဆယ်လ် 1-0 ဝုဗ်