ဟာလန်းထက်တောင် သာနိုင်တဲ့ တိုက်စစ်ကြယ်ပွင့်ကို ရှာတွေ့ပြီး ခေါ်ယူဖို့ မန်ယူအသင်း ပြင်ဆင်နေ
တိုက်စစ်မှူးသစ် တစ်ယောက်ကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေတဲ့ မန်ယူအသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းလို အရည်အသွေးမျိုး ရှိနေတဲ့ ဘင်ဂျမင်ဆက်ကို ကို ခေါ်ဖို့ ကြိုးစားနေပြီလို့ သိရပါတယ်။
အသက် ၂၀ အရွယ် ဆလိုဗေးနီးယားသားဟာ လက်ရှိမှာတော့ ရက်ဘူးလ် ဆဲလ်ဘတ်အသင်းကနေပြီး သြစတြီးယား ကလပ် လီဖားရင်းကို အငှားနဲ့ သွားကစားနေသူဖြစ်ပါတယ်။
သူဟာ လာမယ့်ဇူလိုင်လကျရင်တော့ လစ်ပ်ဇစ်ကို ၅ နှစ်စာချုပ်သက်တမ်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူထားသူ ဖြစ်ပါတယ်။ ဆဲလ်ဘတ်နဲ့ လစ်ပ်ဇစ်တို့ဟာ အကျိုးတူ ပူးပေါင်းထားတဲ့ ကလပ်တွေဖြစ်ပြီး နှစ်သင်းစလုံးကို ရက်ဘူးလ် GmbH ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။

ဒါပေမဲ့ လစ်ပ်ဇစ်အသင်းနဲ့ ဆက်ကိုတို့ကြား ချုပ်ထားတဲ့ စာချုပ်မှာ တခြား ဥရောပ ကလပ်အသင်းကြီး တစ်သင်းကနေ ထိုက်ထိုက်တန်တန် ကမ်းလှမ်းလာခဲ့ရင်တော့ အသင်းပြောင်းခွင့် ရှိနေတာမျိုး ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် လာမယ့် နွေရာသီဈေးကွက်ဟာ ဆက်ကို ကို အိုးလ်ထရက်ဖို့ဒ်ဆီ အရောက်ခေါ်ဖို့အတွက် ယူနိုက်တက်ရဲ့ နောက်ဆုံး အခွင့်အရေးဖြစ်သလို မဟာအခွင့်အရေးတစ်ခုလည်းဖြစ်လာနေပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ နယ်သာလန်တိုက်စစ်မှူး ဝုဒ်ဗက်ဟော့ကို ခေါ်ယူထား ပေမဲ့လည်း ဒါဟာ ရေတိုစီမံကိန်းမျိုးသာဖြစ်ပြီး အသင်းအတွက် အလားအလာ ရှိတဲ့အပြင် လက်တင်သုံး တိုက်စစ်မှူးတစ်ယောက်ကို နည်းပြ တန်ဟတ်က လိုချင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ဆက်ကို ကို ခေါ်တဲ့နေရာမှာ မန်ယူဟာ တခြား အခက်အခဲမျိုးတွေနဲ့လည်း ရင်ဆိုင်ရဖို့ရှိနေတယ်လို့ သိရ ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက် ၂၀ အရွယ်မှာတင် ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးကို ပြနေတဲ့ ဆက်ကိုဟာ ပြီးခဲ့တဲ့ တစ်ပတ် က ရက်ပစ်ဗီယင်နာအသင်းဘက်ကို ၇ မိနစ်တည်းနဲ့ ဟက်ထရစ် ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒီလို အလားအလာကောင်းရှိနေတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့အတွက် အချိန် အကန့်အသန့် ရှိနေတဲ့အတိုင်းအတာမျိုးမှာ မန်ယူ ဟာ ထိထိမိမိ လုပ်နိုင်မှသာ အောင်မြင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဆက်ကို ကစားနေတဲ့ လီဖာရင်း အသင်းသားတချို့ရဲ့ ပြောစကားအရတော့ ဆလိုဗေးနီးယားသားဟာ ဟာလန်းထက်တောင် ပိုကောင်းလာနိုင်တဲ့ တိုက်စစ် အရည်အသွေးမျိုး ရှိတယ်လို့ သိရပါတယ်။