ဂျေဆူးစ်ကို သိမ်းထားဦးမယ့် အာတီတာ၊ ဘာလိုဂန်ကို ချိန်တဲ့ အေစီ၊ နွေအကြို လှုပ်ရှားမှုနဲ့ အာဆင်နယ် ထူးခြား သတင်းများ
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အား လျော့ကျနေမှုအတွက် စိတ်ပူနေပြီး အက်ဒီ နကီးတီးယားကို လုံးဝ လက်လွှတ်ထားခဲ့ရချိန်မှာ လီယန်ဒရို ထရော့ဆတ်နဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ ပြန်ပါလာနိုင်ရင် ထုတ်သုံးဖွယ် ရှိပါတယ်။
အာဆင်နယ်တို့အနေနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန် ရိုက်စ်ကို ခေါ်ယူရာမှာ ပြိုင်ဘက်မရှိဖြစ်နေလိမ့်မယ်လို့ အစောပိုင်းက ခန့်မှန်းခံထားခဲ့ရပေမယ့် လက်ရှိမှာတော့ ပြိုင်ဘက်ပေါ်လာပြီဖြစ်ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့် သေချာသလောက်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်လုရဖွယ် ရှိနေပါတယ်။

အာဆင်နယ်တို့အနေနဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ဒဏ်ရာက ပြန်လာမယ့် ဂါဘရီယယ်လ် ဂျေဆူးစ်ကို အလောတကြီး မသုံးလောက်သေးဘူးလို့ ခန့်မှန်းနေကြပြီး ကွင်းလယ်လူ ဖာဘီယို ဗီယာရာကိုပဲ False 9 အဖြစ် တိုက်စစ်ကို ဦးဆောင်သွားခိုင်းဖို့ ရှိနေနိုင်သလို မာတီနယ်လီကို ဘယ်တောင်ပံမှာ ပြန်လည်အသုံးပြုဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်ကို အဖျားဝေဒနာကြောင့် သွားရောက်နိုင်ခြင်း မရှိဘဲ လွဲချော်ခဲ့တဲ့ ကပ္ပတိန် မာတင် အော်ဒီဂတ်ကတော့ ပြန်လည်ကောင်းမွန်လာပြီး ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက် ကစားဖွယ် ရှိနေသလို ဂျေဆူးစ်ကတော့ လီယန်ဒရို ထရော့ဆတ်နဲ့အတူ အရန်ခုံမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

အေစီမီလန်အသင်းဟာ အာဆင်နယ်ကနေ ပြင်သစ်လိဂန်ကလပ် ရင်းမ်စ်အသင်းမှာ အငှားချထားပြီး ခြေစွမ်းပြနေခဲ့တဲ့ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ကို နွေရာသီမှာ ခေါ်ယူသွားဖို့ ကြိုးစားလာဖွယ်ရှိနေပြီး ဂျီရူးရဲ့ နေရာမှာ အစားထိုးသွားဖွယ် ရှိနေပါတယ်။
အာဆင်နယ်တို့အနေနဲ့ နွေရာသီအတွက် စောစောစီးစီး ခြေလှမ်းစတင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး အနည်းဆုံး ချန်ပီယံလိဂ် ဝင်ခွင့်ရတော့မယ့် အနေအထားမှာ နာမည်ကြီး ကစားသမားတွေကို ချိတ်ဆက်နေခဲ့သလို ဘိုင်ယာလေဗာကူဆင်တောင်ပံသမား မူဆာ ဒီယာဘီနဲ့အတူ ယူရိုသန်း ၆၀ လောက် ကျသင့်မယ့် ဘရာဇီးလ်လူငယ် ဗစ်တာ ရိုကေးလည်း ပါဝင်နေပါတယ်။
အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာက သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားနဲ့အတူ ယူရိုပါလိဂ်ကိုပါ ဗိုလ်စွဲနိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားကြမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အဓိက ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဆွစ်ဇာလန်ဝါရင့်အနေနဲ့ လူငယ်တွေနဲ့အတူ လုပ်ပြနိုင်မယ်လို့ ယုံကြည်နေပါတယ်။