ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ သေချာသွားတဲ့ အသင်းတွေ အမည် ထုတ်ဖော်ပြောဆိုလာတဲ့ စပါးနည်းပြ ကွန်တီ

တော့တင်ဟမ် စပါးအသင်းရဲ့ နည်းပြ ကွန်တီက ချန်ပီယံလိဂ် ဝင်ခွင့်ကို ကျိန်းသေပေါက် ရသွားတဲ့ အသင်းတွေ အမည် ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ သူ့အသင်း စပါးကချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မသေချာသေးကြောင်းလည်း ပြောဆိုသွားခဲ့တာပါ။

ကွန်တီက – “ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဆိုင်ရတာဟာ အရမ်းကို ခက်ခဲပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ အတွက် ကျွန်တော်တို့တွေ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်တွေက အသင်းကောင်းတွေချည်းပါပဲ။

အခုချိန်မှာ အသင်းတွေ အများကြီးက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အပြိုင် ဖြစ်နေကြပြီး မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် နှစ်သင်းကတော့ အမှတ်ပေးချန်ပီယံဆုကို ယှဉ်လုနေတဲ့ အဆင့်ကို ရောက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း ရလဒ်ကောင်းတွေ တောက်လျှောက် ရနေတာကြောင့် သူတို့နှစ်သင်းရဲ့ အနောက်ကို ရောက်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာပဲ ကျန်ပါတော့တယ်။ အဲ့ဒီ တနေရာစာ အတွက် ကျွန်တော်တို့က အသင်းတွေ အများကြီးနဲ့ ယှဉ်ပြိုင်ရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

တန်ဟက် ရဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ကွန်တီရဲ့ စပါးတို့က လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃)နဲ့ အဆင့်(၄) နေရာတွေကို အသီးသီး သိမ်းပိုက်ထားတဲ့ အသင်းတွေ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က စပါးထက် ရမှတ် ၂မှတ်သာ အသာရနေပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ပွဲကျန် တပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် စပါးကို ရမှတ် ၅မှတ် အထိ ဖြတ်တောက်ထားနိုင်မယ့် အခွင့်အရေးမျိုးကို ပိုင်ဆိုင်ထားပြီး စပါးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် လာမယ့်ပွဲတွေမှာ တတ်နိုင်သလောက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်ပါတယ်။

လက်ရှိမှာ စပါးက အဆင့်(၄)နေရာကို သိမ်းပိုက်ထားနိုင်ပေမယ့် အဆင့်(၅)နေရာမှာ ရှိနေတဲ့ နယူးကာဆယ်က စပါးထက် ၂ပွဲ လျော့ထားချိန်မှာ စပါးနဲ့ ရမှတ် ၄မှတ်သာ ကွာဟနေတာကြောင့် စပါးက ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်(၄)နေရာကို ရရှိဖို့ မသေချာသေးပါဘူး။