ဆန်ချိုနဲ့ အန်တိုနီတို့အား အာဆင်နယ် ကစားသမား တစ်ဦးနဲ့ နှိုင်းယှဉ်ကာ ဝေဖန်သွားတဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး ဖာဒီနန်က လက်ရှိ မန်ယူအသင်းသားတွေ ဖြစ်တဲ့ အန်တိုနီနဲ့ ဆန်ချိုတို့အနေနဲ့ အာဆင်နယ် ကစားသမား ထရော့ဆက်ကို ကြည့်ကာ သင်ယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖာဒီနန်က အန်တိုနီနဲ့ ဆန်ချိုတို့ကို တိုက်စစ်ကစားရာမှာ စွန့်စားမှုတွေ ပိုမို ပြုလုပ်စေချင် နေတာ ဖြစ်ပါတယ်။ ဆန်ချိုနဲ့ အန်တိုနီတို့ဟာ အိုးထရက်ဖို့ဒ်မှာ အကောင်းအဆိုးရောထွေးနေတဲ့ ရာသီကို ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး ဖာဒီနန်က မန်ယူနိုက်တက်ကြယ်ပွင့်တွေအနေနဲ့ ဒီထက်ပိုပြီး လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုင်းယက်စ်ကနေ ပေါင် ၈၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ၂၉ ပွဲ ပါဝင် ကစား ပေးထားရာမှာ သွင်းဂိုး ၇ ဂိုးသွင်းယူပြီး ဆန်ချိုကလည်း ၂၃ ပွဲမှာ သွင်းဂိုး ၅ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

” အန်တိုနီနဲ့ ဆန်ချိုတို့ရဲ့ ပွဲစဉ်မှာ ပိုမို တိုးတက်လာဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုရှိနေပြီး အဲဒါက ပိုပြီးတော့ အရဲစွန့်ဖို့ပါ။ ခင်ဗျား ဒီပြိုင်ပွဲမှာ ဘာမှ အရဲမစွန့်ဘဲ ဘာမှ မရနိုင်ပါဘူး။ ခင်ဗျားအရဲမစွန့်ဘဲနဲ့ အောင်မြင်မှု ရနိုင်မှာမဟုတ်ဘူး။ ” လို့ ဖာဒီနန်က ထောက်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်တောင်ပံကစားသမား ထရော့ဆက် ဟာ ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲပွဲမှာ ဂါဘီလတ်၊ မာတီနယ်လီ၊ အော်ဒီဂွါဒ်တို့အတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဖာဒီနန်က ဂန်းနားတွေရဲ့ ဇန်နဝါရီ ခေါ်ယူမှုကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

“ ထရော့ဆက် က အရမ်းကို အောင်မြင်တဲ့ ခေါ်ယူမှုလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ရာသီအတွင်းမှာ ကစားသမား ခေါ်ယူမှုအများကြီးနဲ့ပတ်သက်ပြီး ပြောနိုင်တယ်။ ဒါပေမယ့် သူက ခင်ဗျားလိုအပ်နေတဲ့နေရာတွေဖြစ်တဲ့ တောင်ပံဧရိယာ၊ တိုက်စစ်မှာ အရည်အသွေးတွေ ပေးနိုင်တဲ့သူလို့ ထင်တယ်။

ထရော့ဆက် က စောစောစီးစီး မထွက်ခွာခဲ့လို့ ကျွန်တော် အံ့အားသင့်ခဲ့ရတဲ့ ဘရိုက်တန်ကစားသမားတစ်ဦးပါ။ ဘာလို့လဲဆိုတော့ အချိန်တိုင်း သူ ကစားတာကို ကြည့်ပြီး ပွဲစဉ်ထဲမှာ သူတစ်ခုခု လုပ်နိုင်တယ်လို့ ယုံကြည်ခဲ့လို့ပါ။ ဘယ်လ်ဂျီယမ် လက်ရွေးစင်ကစားသမားဖြစ်နေလို့ပါ”

“ကျွန်တော်တို့ လွန်ခဲ့တဲ့ မိနစ်က အရဲမစွန့်တဲ့ တောင်ပံကစားသမားတွေအကြောင်း (အန်တိုနီနဲ့ ဆန်ချို ကို ဆိုလို) ပြောနေခဲ့ပါတယ်။ ထရော့ဆက်က အရဲစွန့်တယ်။ သူ ဘောလုံးကို ရယူမယ်။ သူ ဘောလုံးပေးမယ်။ သူ ဝမ်းတူးရိုက်မယ်။ သူ လိမ်ခေါက်မယ်။ ဘောလုံးပေးပို့မှုကို သူ မြင်နိုင်တယ်။ အဲဒါက မျက်မြင်တွေ့ပြီးပါပြီ။ ”လို့ ပြောကြားခဲ့ပါတယ်။