စပါးအသင်းမှာ သူဖန်တီးမယ့် စိတ်လှုပ်ရှားစရာ နည်းစနစ်ကို ပြောပြသွားတဲ့ ကွန်တီ

အန်တိုနီယို ကွန်တီဟာ စပါးမန်နေဂျာအသစ် ဖြစ်လာခဲ့ပြီးနောက် ကလပ်အတွက် ပြင်းပြပြီး ဆွဲဆောင်မှုရှိတဲ့ ကစားဟန်မျိုး ယူဆောင်လာပေးချင်တဲ့အကြောင်း ဖွင့်ဟပြောပြခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် အီတလီသားကြီးဟာ တနင်္လာနေ့က နူနိုဆန်တို ထုတ်ပယ်ခံရပြီးနောက်မှာ ကနဦး ၁၈လ စာချုပ်နဲ့ မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာပါ။

ကွန်တီဟာ အင်တာမီလန်ကို စွန့်ခွာခဲ့ပြီး မကြာခင်အတွင်း အလုပ်သစ် တန်းလက်ခံဖို့ အဆင်သင့် မဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့သလို နွေရာသီတုန်းက ဒန်နီရယ် လီဗိုင်ဆီက ချဉ်းကပ်မှုကို ပယ်ချခဲ့သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗိုင်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကိုတော့ သူ့အနေနဲ့ တောင့်ခံနိုင်ခဲ့ခြင်း မရှိခဲ့သလို စပါးနည်းပြသစ်အနေနဲ့ ပထမဆုံး အင်တာဗျူးမှာ သူ့အနေနဲ့ ဘာတွေ အောင်မြင်ဖို့ မျှော်လင့်ထားလဲဆိုတဲ့အကြောင်းကို ဆွေးနွေးပေးခဲ့ပါတယ်။

“ စပါးမန်နေဂျာဖြစ်ရတာက သိပ်ကို ဂုဏ်ယူရပြီး ပျော်စရာ ကောင်းပါတယ်။ အခုချိန်မှာ ကျွန်တော့်အနေနဲ့ ဒီယုံကြည်မှုအတွက် သေချာပေါက် ပြန်ပေးဆပ်ချင်နေပါတယ်။ ကျွန်တော့်ရဲ့ နည်းပြ အတွေးအခေါ်ကတော့ သိပ်ရိုးရှင်းတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့အတူ ပရိသတ်တွေအတွက် ကောင်းကောင်းမွန်မွန်နဲ့ ဆွဲဆောင်မှုရှိတဲ့ ကစားပုံကို ကစားဖို့ပါပဲ။

ပြီးတော့ အတက်အကျတွေ မဖြစ်ပဲ တည်ငြိမ်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ဖြစ်တယ်။ ပရိသတ်တွေအနေနဲ့ တိုက်ပွဲဝင်ဖို့ လိုလိုလားလားရှိတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ အားပေးမှုနဲ့ ထိုက်တန်ဖို့အတွက် ကျွန်တော်တို့ အရာအားလုံး လုပ်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

နောက်နွေရာသီ စပါးအသင်းမှာ ကိန်း ဆက်နေနေ မနေန ကွန်တီကတော့ စပါးကို အင်အားကြီး အသင်းတစ်သင်း ဖြစ်လာအောင် လုပ်ပေးဖို့ စိန်ခေါ်မှုကို သဘောတွေ့နေတာပါ။

ကွန်တီက “ စပါးက အင်္ဂလန်နဲ့ ကမ္ဘာတလွှားမှာ အရေးပါတဲ့ ကလပ်တစ်ခုပါ။ ကွင်းသစ်နဲ့ လေ့ကျင့်ရေးကွင်းကလည်း သိပ်ကောင်းတယ်။ ကလပ်နဲ့ ဒန်နီရယ်လီဗိုင်က ကျွန်တော့်ကို အတော်လေး လိုချင်ခဲ့တယ်။ ဒီမှာ မန်နေဂျာဖြစ်လာတာက ကြီးမားတဲ့ အခွင့်အရေးတစ်ခု၊ ဂုဏ်ယူစရာတစ်ခုလို့ ထင်ပါတယ်။

လေ့ကျင့်ရေးကွင်းကို ကျွန်တော် မြင်ခဲ့ပြီးတော့ အလုပ် မြန်မြန်စလုပ်ချင်ခဲ့တယ်။ ထိပ်တန်းကလပ် တစ်ခုမှာ ဒီလို အခြေအနေက ကိုယ့်ကို အလုပ်ကြိုးစားပြီး ကလပ်ရဲ့ ပရိသတ်တွေအတွက် အရေးပါတဲ့ ကိစ္စတစ်ခုခုကို လုပ်ပေးဖို့ စိတ်အားထက်သန်စေမယ့် တွန်းအားမျိုး ပေးပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။