လာမယ့်နွေမှာ ချယ်ဆီးတို့ ဘယ်တိုက်စစ်သမားကို ခေါ်သင့်လဲ စေတနာထား အကြံပြုသွားတဲ့ ဖာဒီနန်
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်နွေမှာ နာပိုလီ အသင်း တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်ကို ခေါ်ယူသွားသင့်တယ်လို့ အကြုံပြု တိုက်တွန်းသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီရဲ့ နွေဈေးကွက်နဲ့ ဆောင်းဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေ တစ်ပုံ တစ်ပင်ကြီး ခေါ်ယူထားခဲ့ပေမယ့် လာမယ့်နွေမှာလည်း အထောင် တိုက်စစ်ကစားသမားတစ်ဦး ဖြည့်တင်းဖို့ စပါးတိုက်စစ်မှူး ဟာရီကိန်းနဲ့ နာပိုလီ တိုက်စစ်မှူး အိုဆင်မန်တို့ကို ပစ်မှတ်ထားနေပါတယ်။
ဒီ ကစားသမား နှစ်ဦးထဲကမှ နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား အိုဆင်မန်ကိုသာ ချဲလ်ဆီးတို့ ပိုကြိုးပမ်း သင့်ကြောင်းနဲ့ ကိန်းက စပါးကနေ ချဲလ်ဆီးအသင်းဆီ ပြောင်းလာနိုင်မှာ မဟုတ်ကြောင်း ဖာဒီနန်က မှတ်ချက်ပြု သွားခဲ့ပါတယ်။

“ဒီနွေမှာ ချဲလ်ဆီးတို့ အိုဆင်မန်ကို ကြိုးပမ်းလိမ့်မယ်လို့ ကျွန်တော် ယူဆမိတယ်။ ယူနိုက်တက်ကတော့ ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်း ပါလိမ့်မယ်။ ကိန်းက စပါးအသင်းကနေ ချဲလ်ဆီးကို မသွားပါဘူး။ ကိန်းကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးမှာ အခွင့်အလမ်း မရှိပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာ အိုဆင်မန်ကို ချဲလ်ဆီးနဲ့ မန်ယူနိုက်တက် (၂)သင်းလုံးက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ယူနိုက်တက် က အင်္ဂလန် တိုက်စစ်မှူး ဟာရီကိန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားဖွယ် ရှိနေတာကြောင့် ချဲလ်ဆီး အနေနဲ့ အိုဆင်မန်ကိုသာ ပိုမို ချိန်ရွယ်စေချင်တယ်လို့ ဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။
ဖာဒီနန်က စပါး တိုက်စစ်မှူး ဟာရီကိန်းကိုတော့ သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ လာစေ ချင်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ဖူးသလို ဆုဖလားတွေ ရယူနိုင်ဖို့အတွက် စပါးအသင်းကနေ ထွက်ခွာ သင့်ကြောင်း ကိုပါ အသိပေးထားခဲ့ဖူးပါတယ်။
နောက်ပြီး ကိန်းအတွက် လာမယ့်နွေဟာ အသင်းပြောင်းရွှေ့ဖို့ အသင့်တော်ဆုံး အချိန်အခါဖြစ်ကြောင်းနဲ့ အခြား ကလပ် အသင်းတွေထက် ယူနိုက်တက်ကိုသာ ဦးစားပေး ပြောင်းရွှေ့သင့်ကြောင်းကိုပါ ဖာဒီနန်က တိုက်တွန်းထားခဲ့ပါတယ်။