ဟာလန်းကို ဟက်ထရစ် ၂ထပ်ကွမ်း ရခွင့်မပေးဘဲ ဂွာဒီယိုလာ က ဘာလို့ တမင် လူစားလဲခဲ့တာလဲ
မနေ့ညက လိုက်ဇစ်နဲ့ပွဲမှာ ၅ ဂိုးသွင်းထားတဲ့ ဟာလန်းကို သူ ဘာလို့လူစားလဲလှယ်ခဲ့ရတာလဲဆိုတဲ့ အကြောင်းရင်းနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။
ဟာလန်းဟာ တပွဲတည်းမှာ ၅ ဂိုးသွင်းယူထားပြီး နောက်တဂိုးထပ်သွင်းနိုင်ခဲ့မယ်ဆိုရင် ချန်ပိယံလိဂ်သမိုင်းမှာ တပွဲတည်း ၆ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပေမယ့် လူစားလဲခံခဲ့ရလို့ အဆိုပါ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

လူစားလဲခံရချိန်မှာ ဟာလန်းက သူ ဟက်ထရစ် နှစ်ထပ်ကွမ်း ရယူချင်ခဲ့တဲ့အကြောင်း ဂွာဒီယိုလာကို ပြောဆိုခဲ့တယ် ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။
ပွဲကစားချိန် နာရီဝက်လောက်ကျန်နေသေးချိန်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ဘန်လေနဲ့ ကစားရမယ့် အက်ဖ်အေ ဖလားပွဲအတွက် အနားပေးတာဖြစ်နိုင်တယ်လို့လည်း တချို့ပရိသတ်တွေက ယူဆခဲ့ကြပြီး တချို့ကတော့ မက်ဆီရဲ့ စံချိန်ကို ကျော်ဖြတ်မှာကို ဂွာဒီယိုလာက စိုးရိမ်ပြီး လဲလှယ်ခဲ့တာလို့ ပြောခဲ့ကြပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာကတော့ “ဒီမှတ်တိုင်ကိုသာ သူအောင်မြင်သွားမယ်ဆိုရင် အသက် ၂၂ နှစ်အရွယ်နဲ့ စံချိန် တင်နိုင်တော့မှာပါ။ ဒါဆိုရင် သူ့ဘဝကြီးက ပျင်းစရာကောင်းသွားပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်မှာ လုပ်နိုင်ဖို့ ရည်မှန်းထားရမှာပါ။ ဒီနေရာမှာရော၊ နေရာတိုင်းမှာပါ။ ဒါကြောင့် လူစားလဲတာပါ” လို့ ထူးထူးခြားခြား ပြောဆိုခဲ့ပါတယ်။
ဟာလန်းကတော့ အခုဆိုရင် မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲမှာ သွင်းဂိုး ၃၉ ဂိုးအထိ ရရှိခဲ့ပြီး ဒါဟာ မန်စီးတီး သမိုင်းမှာလည်း စံချိန်သစ်တခုဖြစ်လာခဲ့ပါတယ်။ မန်စီးတီးအတွက် တရာသီအတွင်းမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပြီး သူ့ရဲ့ အသက် ၂၂ နှစ်အရွယ်မှာပဲ လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ လာမယ့်ပွဲအဖြစ် ဘန်လေနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို ကစားရမှာဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ တပည့်ဟောင်း ဗင်းဆင့်ကွန်ပနီကိုင်တွယ်နေတဲ့ အသင်းဖြစ်ပြီး ချန်ပီယံရှစ်မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်နေကာ မန်စီးတီးကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။