ဘယ်ပွဲတွေကြောင့် အာဆင်နယ် ပရီးမီးယားလိဂ် ဖလားနဲ့ လွဲမလဲ သေချာကြီး ကြိုပြောလိုက်တဲ့ အိုဟားရား

စပါး ကွင်းလယ်လူဟောင်း ဂျေမီ အိုဟားရား က လက်ရှိ အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်းဟာ ဧပြီလကုန် နှင့် မေလ အစောပိုင်းမှာ ရှုံးပွဲတွေ ဆက်တိုက် ကြုံပြီး ချန်ပီယံ ဆုကို လက်လွှတ် ရလိမ့်မယ်လို့ ဟောကိန်းထုတ် ကြိုတင် ပြောကြား လိုက်ပါတယ် ။

ရာသီကုန်ဖို့ ၁၁ ပွဲသာ လိုတော့တဲ့ အချိန်မှာ အာဆင်နယ် အသင်းဟာ ဒုတိယနေရာက လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို ၅ မှတ် ဖြတ်ပီး ချန်ပီယံဆုရဖို့ အလားအလာ အကောင်းဆုံး အသင်း ဖြစ်လို့ နေပါတယ်။

ဒါပေမယ့်လည်း အိုဟားရား က အာဆင်နယ် အသင်း ခြေချော်ဦးမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး မန်စီးတီး အသင်းပဲ ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ သေချာကြီး ဆိုလိုက်တာပါ။

” ကျနော် ကတော့ မန်စီးတီး အသင်းပဲ ဗိုလ်စွဲလိမ့်မယ်လို့ ထင်ပါတယ်၊ တွစ်တာ က တွစ် တစ်ခုတွေ့လိုက်ပါတယ် ၊ ‘စီးတီး က နောက်ဆုံး ငါးပွဲ မတိုင်ခင် အထိ အာဆင်နယ် အသင်း နားမှာ ကပ်လိုက်နေမယ်၊ ပြီးရင်တော့ အာဆင်နယ် အသင်း ခြေချော် သွားလိမ့်မယ်’ တဲ့ ။ သူ ရေးထားတာက ကျနော့် အမြင်နဲ့ လုံးဝ ထပ်တူကျပါတယ်။ ”

” မန်စီးတီး က အာဆင်နယ် နဲ့ ငါးမှတ်အကွာ၊ သုံးမှတ်ကွာ အနေအထားနဲ့ လိုက်နေမှာပါ၊ ရာသီကုန်ဖို့ ခြောက်ပွဲအလိုမှာ သူတို့ နှစ်သင်း ထိပ်တိုက် တွေ့ဆုံ ရဦးမှာပါ၊ မန်စီးတီး အနေနဲ့ အာဆင်နယ် ကို အနိုင် ယူနိုင်ဖို့တော့ လိုအပ်ပါတယ် ၊ အဲ့ဒီ ပွဲပြီးရင် ရာသီကုန်ဖို့ ငါးပွဲပဲ လိုပါတော့မယ်။ ”

” မန်စီးတီးသာ အာဆင်နယ် အသင်း ကို နိုင်လိုက်ရင် သူတို့ကြား အမှတ် သိပ်မကွာတော့ပါဘူး။ မန်စီးတီး အသင်း နှင့် အာဆင်နယ် အသင်း ဘယ်အသင်းက အတွေ့အကြုံ ပိုရှိသလဲ ၊ ဘယ်အသင်း ခြေချော်မယ်လို့ ခင်ဗျားတို့ ထင်သလဲ ။ မန်စီးတီး က ဒီလို အခြေအနေတွေကနေ ချန်ပီယံဆုတွေ ရယူ လာခဲ့တာပါ။ ”

” ရာသီမကုန်ခင် ပွဲတွေ အများကြီး ကစားရဦးမှာပါ ၊ အာဆင်နယ် က မန်စီးတီး နဲ့လည်း ကစားရဦးမှာပါ၊ မန်စီးတီး နဲ့ပြီးရင် ရလဒ်ကောင်းရဖို့ အသည်းအသန် ကန်နေတဲ့ ချဲလ်ဆီး နဲ့ ဆက်ကစားရပါမယ်၊ ပြီးရင်လည်း နယူးကာဆယ်ရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရပါဦးမယ်။ ”

” အာဆင်နယ် အတွက် တကယ့်ကို ကြီးမားတဲ့ ပွဲစဉ် သုံးပွဲပါပဲ၊ အဲ့ဒီ ၃ ပွဲမှာ အာဆင်နယ် အသင်း ချန်ပီယံဆုကို လက်လွှတ်လိုက်ရမယ်လို့ ကျနော် ကတော့ မြင်ပါတယ်။ ဧပြီ ၂၉ ကနေ မေ ၆ ရက် အတွင်းမှာပေ့ါဗျာ၊ အဲ့ဒီ အချိန်ကာလက အာဆင်နယ် အသင်း ရှုံးပွဲတွေ ကြုံရမယ့် ရက်သတ္တပတ်ပါပဲ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။