ရော်နယ်ဒို ကို မလေးမစား မလုပ်နဲ့လို့ ဝိုင်း အပြစ်တင်တာ ခံလိုက်ရတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းက ကာရင် ဘန်ဇီးမားနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မလေးမစား ပြုလုပ်တာဖြစ်တယ်လို့ ဝိုင်းဝန်း ပြစ်တင် ခံခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာ ဗုဒ္ဓဟူးနေ့ညက လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၆-၂ နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေး ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ အန်းဖီးမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ရော်နယ်လ်ဒို ထွက်ခွာသွားပြီးကတည်းက ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်ကစားသမားအဖြစ် ပြောင်းလဲသွားခဲ့ပြီး အသင်းက လိုအပ်နေတဲ့ အကြီးမားဆုံးအခိုက်အတန့်တွေမှာ ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ ၉ နှစ်လောက် ဘာနေဗျူးမှာ အထောက်အကူပေးတဲ့ အခန်းကဏ္ဍကနေ ကစားပေး ခဲ့တာပါ။
လက်ရှိမှာလည်း ရီးရဲလ်မက်ဒရစ်အတွက် အဓိကကစားသမားအဖြစ် ကစားပေးနေတာဖြစ်ပြီး နောက်ထပ်တစ်ကြိမ် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တရားဝင် တွစ်တာအကောင့်မှာ မစ္စတာ ချန်ပီယံလိဂ်လို့ ခေါ်ဝေါ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ မှတ်ချက်က ခရစ္စတီယာနို ရော်နယ်လ်ဒို ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တသက်တာစံချိန်တင်သွင်းဂိုး ၁၄၀ နဲ့ ဆုဖလား ၄ ကြိမ်အထိ ရရှိခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့ ဂုဏ်ပုဒ်ကို သုံးနှုန်းခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။
“ဒါက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လုံးဝ မလေးမစားလုပ်တာပဲ။ အက်မင် ကွဲနေတာလား”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း“ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဒီလိုမျိုး မလေးမစားမလုပ်နဲ့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ကာရင် ဘန်ဇီးမားဟာ ပြီးခဲ့တဲ့နှစ်မှာ ဘလွန်ဒေါဆုကို ရရှိခဲ့သူဖြစ်ပြီး လီယွန်၊ ရီးရဲလ်မက်ဒရစ်အသင်းတို့အတွက် ချန်ပီယံလိဂ်သွင်းဂိုး စုစုပေါင်း ၈၉ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။