ဒီလထဲ နောက်ဆုံးကစားကြမယ့် ပရီးမီးယားလိဂ်ပွဲတွေ အတွက် ပေါမာဆန်ရဲ့ သုံးသပ် ဟောကိန်းထုတ်မှုများ

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ခုနစ်ပွဲသာ ကစားမှာဖြစ်ပြီး အက်ဖ်အေဖလားပွဲစဉ်တွေ ကစားကြမယ့် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ဖူလ်ဟမ်၊ ဘရိုက်တန်တို့ လေးသင်းနဲ့ သူတို့နဲ့ ကစားဖို့ ရေးဆွဲ ထားပြီးမှ ပွဲစဉ်ရွှေ့ဆိုင်းခဲ့ရတဲ့ ဝက်စ်ဟမ်း၊ လီဗာပူးလ်တို့ကတော့ ပွဲ ကစားရမှာ မဟုတ်ဘဲ အနားရခဲ့တာကြောင့် သုံးပွဲ လျော့နည်း ခဲ့တာ ဖြစ်ပါတယ်။

ပေါမာဆန်ကြီးကတော့ ပွဲစဉ် ၂၈ မကစားခင်မှာ ခုလို သုံးသပ်ခန့်မှန်းထားကြောင်း ဖော်ပြလိုက်ရပါတယ်။

နော့တင်ဟမ်ဖောရက်စ်-နယူးကာဆယ်

ဖောရက်စ်နဲ့ နယူးကာဆယ်လ်တို့ ဆုံတွေ့မှုကတော့ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး အခြေအနေကောင်းပြီးမှ ရှုံးပွဲတွေ ပြန်များနေတဲ့ အိမ်ရှင်နဲ့ အဆင့် ၄ ကို ပြန်လက်လှမ်းနိုင်ဖို့အတွက် သုံးမှတ်များများ ယူနိုင်ဖို့ လိုအပ်နေတဲ့ ဧည့်သည်တွေ အတွက် ယှဉ်ပြိုင်လုရမှာဖြစ်ပါတယ်။

အဝေးကွင်းမှာဆို ဂိုးသွင်းခက်တတ်တဲ့ နယူးကာဆယ်လ်တို့အတွက်တော့ အိမ်ကွင်းကောင်းတဲ့ စီးတီးဂရောင်းက ပြဿနာတစ်ခုဖြစ်နေပြီး ဖောရက်စ်တို့ရဲ့ ဖီဆန်မှုကို ကြုံတွေ့ရမှာဖြစ်သလို သူတို့ရဲ့ နိုင်ပွဲအတွက်တော့ သိပ်ပြီး အားမပေးချင်စရာလို့ပဲ ဆိုရမှာပါ။ စပါးစ်ထက် နှစ်ပွဲလျှော့ကစားထားလို့ ငှက်ကျားတွေ အခွင့်အရေး ရှိနေပေမယ့် ဖောရက်စ်ကွင်းမှာတော့ တစ်မှတ်လောက်နဲ့ပဲ ကျေနပ်သွားရဖို့ များပါတယ်။ (ဖောရက်စ် 1-1 နယူးကာဆယ်)

ဘရန့်ဖို့ဒ်-လက်စတာစီးတီး

ဒီပွဲကို နိုင်ရင် ဘရန့်ဖို့ဒ်တို့ ၄၄ မှတ် ရမှာဖြစ်ပြီး ဒီလိုနာမည်မကြီးလှတဲ့ အသင်းလေးမျိုးအတွက်တော့ ထူးခြားတဲ့ စွမ်းဆောင်မှုဖြစ်လာနိုင်သလို လက်စတာတို့ကတော့ ထပ်ရှုံးရင် တန်းဆင်းဇုန်ထဲရောက်ဖို့ သေချာနေပါတယ်။

မြေခွေးတွေအနေနဲ့ မက်ဒီဆန် မကောင်းတဲ့ ပွဲတိုင်း ရမှတ်ဗလာဖြစ်နေပြီး နွေဆိုရင် အသင်းက ထွက်တော့မယ့် တီးလီးမန်းစ်နဲ့ ဆက်ဆံရေး ပျက်ပြားနေလို့ သိပ်မသုံးနိုင်တော့တာက ကစားကွက်ကိုပါ ပျက်စီးစေပြီး ဘရန်ဒန် ရော့ဂျားစ်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကိုလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့တာပါ။ လန်ဒန်ကွန်မြူနတီကွင်းမှာ မြေခွေးတွေ ဘယ်လောက် အမွေးထူထူ ပျားတုတ်ခံရဖို့ ရှိနေပြီး တန်းဆင်းဇုန်ကို သွားရမယ့် အပတ်လို့ ဆိုရပါလိမ့်မယ်။

(ဘရန့်ဖို့ဒ် 3-1 လက်စတာ)

ချဲလ်ဆီး-အဲဗာတန်

ဘရန့်ဖို့ဒ်ကို ပွဲအစမှာ ဂိုးသွင်းပြီး ပိတ်ကစားခဲ့တဲ့ အဲဗာတန်တို့အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ချဲလ်ဆီးကို ယှဉ်ကစားမှာ မဟုတ်ဘဲ ခံစစ်မှာပဲ အချိန်ကုန်မယ့်သဘော ရှိပါတယ်။ ပေါ့တာအနေနဲ့တော့ ချဲလ်ဆီးတို့ကို 3 Back ကစားနေတာက အားမလိုအားမရဖြစ်စေပေမယ့် နိုင်ပွဲတွေ ပြန်လည်ရယူရာမှာ ကစားပုံမကောင်းလည်း သုံးမှတ်ပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်လာနိုင်ခဲ့တာကတော့ အဆိုးထဲက အကောင်းလို့ပဲ သုံးသပ်ရမှာပါ။

ကိုဗာချစ်ချ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ရဲ့ ကွင်းလယ်ကို ရှောင်ဒိုက်ချ်အနေနဲ့ သူ့ရဲ့ လုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်လူ တွေကို အသုံးပြုပြီး ပိတ်ဆို့လာမှာ ဖြစ်ပေမယ့် ဘဏ္ဏာရေးအခြေအနေအရ ဥရောပမဝင်ရင် ပြဿနာတက်ဖွယ် ရှိနေတာကြောင့် ယူရိုပါလိဂ်လောက်တော့ ဝင်အောင်ယူရမယ့် ချဲလ်ဆီးတို့ တွေဝေနေဖို့ မဖြစ်နိုင်ဘဲ အိမ်ကွင်းမှာ ဝုန်းဖွယ်ရှိပါတယ်။

(ချဲလ်ဆီး 3-0 အဲဗာတန်)

အာဆင်နယ်-ခရစ္စတယ်လ်ပဲလေ့စ်

အာဆင်နယ်တို့အနေနဲ့ ဒီပွဲကိုမှ အနိုင်မကစားတတ်ဘူးဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အရည်အချင်း မမီသေးဘူးလို့ အပြောခံရမှာကြောင့် မဖြစ်မနေ သုံးမှတ်ယူရဖို့ ရှိနေပါတယ်။ ဂန်းနားဂန္ထဝင် ဗီယာရာရဲ့ တစ်ခုတည်းသော လုပ်တတ်တာက ပိတ်ကစားတာဖြစ်ပေမယ့် ကွင်းလယ် အရည်အချင်း မမီတဲ့သူ များနေသလို ဦးစားပေး ဂိုးသမားတွေလည်း ဒဏ်ရာကြောင့် မပါနိုင်ဘူးဆိုလို့ အိမ်ရှင်တွေအတွက်တော့ အမြောက်နဲ့ထုလို့ကောင်းမယ့် အနေအထားဖြစ်နေတာပါ။ ယူရိုပါလိဂ်က ပူပူနွေးနွေး ပြုတ်ထားတဲ့ အာဆင်နယ်တို့အတွက် ပရီးမီးယားလိဂ်ကလွဲရင် ဘာပြိုင်ပွဲမှ ကစားစရာ မကျန်တော့တာကြောင့် ပရိသတ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ ဒီပွဲမှာ ပေါက်ကွဲပြပါလိမ့်မယ်။

(အာဆင်နယ် 3-0 ပဲလေ့စ်)

ဆောက်သမ်တန်-တော့တင်ဟမ်ဟော့စပါး

အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ကစားသမားသစ်တွေနဲ့ ယာယီနည်းပြ ရူဘင် ဆဲလက်စ်တို့ကြား အချိတ်အဆက် ကောင်းတွေ ရှိလာပြီး နိုင်ပွဲတချို့ကိုလည်း ဖန်တီးလာနိုင်ပါတယ်။ ခက်တာက ငယ်ရွယ်သူများတဲ့ ခံစစ်ပိုင်းမှာ အမှားကျူးလွန်မှုတွေ ရှိနေလို့ ရှေ့က ဝါ့ဒ်-ပရောက်စ်နဲ့အဖွဲ့ ရှာဖွေပေးထားတဲ့ ဂိုးတွေ အလဟဿဖြစ်ကုန်တာပါ။

စပါးစ်ကတော့ အသင်းငယ်တွေနဲ့ပဲ လုပ်စားနေတဲ့ အသင်းဖြစ်ပြီး ဟာရီကိန်းကလည်း ဂိုးမြူးနေပါတယ်။ အဆင့် ၄ ကို ရအောင်ယူဖို့ နည်းပြ အန်တိုနီယို ကွန်တီအနေနဲ့ ကြိုးစားလာမှာဖြစ်ပြီး လီဗာပူးလ်၊ နယူးကာဆယ်လ်နဲ့ ချဲလ်ဆီးတို့လက်က လွတ်အောင်ပြေးချင်နေမယ့် စပါးစ်တို့ စိန့်မေရီမှာ အနိုင်ရသွားပါလိမ့်မယ်။

(စိန့် 0-2 စပါးစ်)

အက်စ်တန်ဗီလာ-ဘုန်းမောက်

အူနိုင်း အမ်မရီရဲ့ ဗီလာတို့ကတော့ ပွဲတိုင်းကို ခပ်ရဲရဲ ချဉ်းကပ်ပြီး နေပျော်ပျော် သေပျော်ပျော်ဆိုတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါက သူတို့အတွက် ကောင်းကွက်တစ်ခုဖြစ်ပေမယ့် ခံစစ်ပိုင်းမှာတော့ လျော့ရဲမှုတွေ ရှိစေတာ အမှန်ပါပဲ။ ဘုန်းမောက်တို့ကတော့ ခပ်ကျစ်ကျစ် ကစားပြီး စုဖွဲ့မှုကောင်းကောင်းနဲ့ တစ်သင်းလုံးတက် တစ်သင်းလုံးဆင်း တိုက်ပွဲဝင်တတ်ပါတယ်။

လီဗာပူးလ်ကို အနိုင်ရထားခဲ့တာကတော့ သူတို့အတွက် တွန်းအားဖြစ်ပေမယ့် အဝေးကွင်းဆို ကြံဖန်ပြိုလဲတတ်တဲ့ ချယ်ရီတွေ ဗီလာလက်မှာ နစ်မွန်းရဖို့ပဲ များနေတာပါ။

(ဗီလာ 3-2 ဘုန်းမောက်)

ဝုလ်ဗ်စ်-လိဒ်စ်ယူနိုက်တက်

ဝုလ်ဗ်စ်တို့အနေနဲ့ နည်းပြ လိုပီတီဂီလက်ထဲမှာ အတော်လေး ကစားပုံတက်လာနေပြီး ဗလကြီး ထရာအိုရေးလည်း‌ ခြေစွမ်းပြန်ပြနေပါတယ်။ အတွေ့အကြုံရင်တဲ့ စပိန်သားနည်းပြအနေနဲ့ ပရီးမီးယားလိဂ်အထာတချို့ မနပ်တာကလွဲရင် နိုင်သင့်တဲ့ပွဲတွေကို အနိုင်ယူထားနိုင်ချိန်မှာ လိဒ်စ်တို့ကတော့ ဝတ်ဖို့ဒ်နဲ့ စုတ်ပြတ်ပြီး ပြုတ်လာတဲ့ ဟာဗီ ဂါစီယာလက်ထဲ အသင်းကို ထိုးအပ်ပေးလိုက်တာကတော့ တန်းဆင်းချင်ရင်လဲ ပွင့်ပွင့်လင်းလင်းပြောလို့ပဲ ချဲလန့်ခေါ်ရမှာပါ။ အိမ်ရှင် ဝံပုလွေတွေကတော့ သွေးနံ့ရနေလို့ ဒီပွဲမှာ သုံးမှတ်ကို အမဲလိုက်ကြမှာဖြစ်ပါတယ်။

(ဝုလ်ဗ်စ် 2-0 လိဒ်စ်)