မန်စီးတီး၊ ချဲလ်ဆီးတို့ အကြပ်ရိုက်မယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲရလဒ်များ ထွက်ပေါ်လာပါပြီ
၂၀၂၂-၂၃ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေရဲ့ ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုကိုတော့ ထုံးစံအတိုင်း ယူအီးအက်ဖ်အေ ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာ ကျင်းပပြုလုပ်ခဲံပါတယ်။ ဒီမဲခွဲပွဲကိုတော့ နယူးကာဆယ် တိုက်စစ်မှူးဟောင်း ကလွိုက်ဗက် ပါဝင်အားဖြည့်ခဲ့တာ တွေ့ရပါတယ်။
ချန်ပီယံလိဂ် မဲခွဲပွဲတွေရဲ့ ထုံးစံအတိုင်း အကြိတ်အနယ်ရှိလှတဲ့ ပွဲကြီးပွဲကောင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပထမဆုံး ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံရီးရဲမက်ဒရစ်နဲံ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတို့ တွေ့ဆုံခဲ့ပါတယ်။ ဒီနှစ်သင်းကြား ရာဇဝင်တွေရှိခဲ့ပါတယ်။
ရီးရဲမက်ဒရစ်နဲ့ ချဲလ်ဆီးတို့ဟာ မနှစ်တုန်းက ချန်ပီယံလိဂ်မှာလည်း ထိပ်တိုက်တွေ့ဆုံဖူးပြီး အဲဒီတုန်းကတော့ ရီးရဲမက်ဒရစ်က အံ့အားသင့်ဖွယ်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒုတိယမြောက်ပွဲစဉ်မှာတော့ စီးရီးအေကလပ် အင်တာမီလန်နဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေတဲ့ ဘင်ဖီကာတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။

တတိယမြောက်ပွဲစဉ်ကတော့ ပရိသတ်တွေ စိတ်ဝင်အစားဆုံးဖြစ်မှာပါ။ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံးအသင်းတွေဖြစ်ကြတဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ဂျာမန်ဘီလူကြီး ဘိုင်ယန်မြူးနစ်တို့ဟာ ကွာတားဖိုင်နယ်မှာပဲ စောစောစီးစီး လာရောက်တွေ့ဆုံနေပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်မှာတော့ ၂၀၁၄ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ဖူးတာပါ။ နောက်ဆုံးပွဲစဉ်မှာတော့ စီးရီးအေကလပ်တွေဖြစ်ကြတဲ့ အေစီမီလန်နဲ့ နာပိုလီတို့ဟာ အချင်းချင်း ပြန်လည်တွေ့ဆုံလျက်ရှိနေပါတယ်။
ဆက်လက်ပြီး ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမယ့်အသင်းတွေကို တစ်ပါတည်း ဆက်လက်မဲခွဲခဲ့ပါတယ်။ ဒီအခါ အေစီနဲ့ နာပိုလီတို့ထဲက နိုင်တဲ့အသင်းက အင်တာနဲ့ ဘင်ဖီကာတို့ပွဲက နိုင်တဲ့အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမှာပါ။ ဒါကြောင့် တခြားတစ်ဖက်မှာတော့ ချဲလ်ဆီးနဲ့ ရီးရဲတို့ထဲက နိုင်တဲ့အသင်းနဲ့ မန်စီးတီး- ဘိုင်ယန်ပွဲကနိုင်တဲ့အသင်းတို့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။