ဒီည မန်ယူ – ဖူလ်ဟမ်တို့ အက်ဖ်အေဖလား ကွာတားပွဲ အတွက် ဘီဘီစီ ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ်မှာ ပရီးမီးယားလိဂ်ပွဲ ကစားရမှာ မဟုတ်ဘဲ ဖူလ်ဟမ်နဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ်ပွဲ ကစားဖို့ ရှိနေပါတယ်။

ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် မှေးမှိန်သွားပေမယ့် ယူရိုပါလိဂ်မှာရော အက်ဖ်အေဖလားမှာပါ ကွာတား အဆင့်တွေ ရောက်ထားပြီး ဆုဖလား အခွင့်အရေးတွေ ရှိနေပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ အက်ဖ်အေပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်ချက်စတာ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ အတားအဆီးလေးတွေ ကြုံနေရပုံပါ။ ကာဆီမီရိုက ပွဲပယ် ခံထားရပြီ။ သူ ဆောက်သမ်တန်နဲ့ ပွဲမှာ အနီကတ် ပြခံရပြီး ၄ ပွဲပယ် ပြစ်ဒဏ် စခံရတာက ကျေနာ် နည်းနည်း စိတ်ပူမိတယ်။

ဒါပေမယ့် ဖူလ်ဟမ်ကလည်း ဒီပွဲကို စိတ်ပျက်စရာ ရလဒ်အချို့နဲ့ ရောက်လာမှာပါ။ ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်က သူတို့ကို အပြတ် ချေမှုန်းပစ်ခဲ့တယ်။ သူတို့ အတော် ခြေကုန်လက်ပန်း ကျနေ လောက်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဖူလ်ဟမ် ဖြစ်ပါတယ်။ ဒီနှစ်သင်း ဟာ တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။