ကိန်းကို ရဖို့ စပါး မငြင်းနိုင်အောင် ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုပါ လုပ်ဖို့ မန်ယူအသင်း ပြင်ဆင်နေ

ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ခေါ်ယူချင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းကို ခေါ်ယူသွားဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးလာနိုင်နေပါတယ်။

ဒီထဲကမှ နော်တင်ဟမ်ဖောရက်စ်အသင်းဆီ တစ်ရာသီအငှားနဲ့ ပို့ဆောင်ထားတဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို အသုံးချပြီး ကိန်းကို ရဖို့ ကြိုးပမ်းလာနိုင်တယ်လို့ သိရပါတယ်။

စပါးအသင်းက အသင်းရဲ့ ဝါရင့် ဂိုးသမားကြီး ဟူဂိုလိုရစ်နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက် ဂိုးသမားတစ်ဦးကို ရှာဖွေလျက် ရှိနေပြီး ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ်ရာယာနဲ့ နော်တင်ဟမ်အသင်းမှာ အငှားနဲ့ သွားကစားနေတဲ့ ယူနိုက်တက် ဂိုးသမား ဟန်ဒါဆန်တို့ကို ပစ်မှတ်ထားနေပါတယ်။

ဒီဂိုးသမားနှစ်ယောက်လုံးက သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ ဆက်လက် လက်တွဲဖို့ အဆင်မပြေတော့ပဲ ရာယာကလည်း ဘရန့်ဖို့ဒ်နဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ထားသလို ဟန်ဒါဆန်ကလည်း အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် စပါးက ဒီဂိုးသမားတွေကို ချိန်ရွယ်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ကလည်း သူတို့ရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို အငှားစာချုပ် ပြည့်ချိန်မှာ အသင်းဆီ ပြန်ခေါ်ယူမှာ ဖြစ်ပေမယ့်လည်း သူရဲ့ အနာဂတ်က မရေရာသေးပဲ ယူနိုက်တက်က ဂိုးသမားသစ်တစ်ဦးပါ ခေါ်ယူဖွယ်လည်း ရှိနေတာကြောင့် ဟန်ဒါဆန်ကို ရောင်းထုတ်ဖွယ် ရှိနေပါတယ်။

ဟန်ဒါဆန်ကိုလည်း စပါးအသင်းက စိတ်ဝင်စားနေတဲ့အချိန် ယူနိုက်တက်က စပါးက တိုက်စစ်ကစားသမား ကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းရာမှာ ပြောင်းရွှေ့ကြေးအပြင် ဟန်ဒါဆန်ကိုပါ အပြောင်းအရွှေ့ တစိတ်တစ်ပိုင်းအဖြစ် ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။

စပါးက သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ကိန်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)အတိ ရရှိမှသာ အသင်းကနေ ရောင်းထုတ်သွားမယ်လို့ အသိပေးထားခဲ့ပေမယ့် ယူနိုက်တက်ဘက်ကသာ ကိန်းကို ပြောင်းရွှေ့ကြေး သီးသန့်အဖြစ် ပေါင်သန်း(၇၀)ရယ် တန်ကြေး ပေါင်သန်း(၃၀)လောက်ရှိမယ့် ဂိုးသမား ဒင်းဟန်ဒါဆန်ရယ် ပေါင်းစပ်ပြီး ကမ်းလှမ်းသွားဖွယ် ရှိလာနိုင်ကြောင်း ESPN သတင်းဌာနကနေ ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နွေမှာတော့ ကိန်းကို မရရင်တောင် အထောင် တိုက်စစ်မှုးကောင်း တစ်ယောက် ရအောင် ခေါ်ယူမှာ ဖြစ်ပါတယ်။