ပေါ်တူဂီ ဂိုးပြတ် နိုင်သလို ရော်နယ်ဒိုလည်း စံချိန် ၃ ခု ထပ် ချိုး၊ စံချိန်သစ်တွေ ရတာ ကြိုက်တယ်လို့ ဒိုလေး ပြော

ရီးရဲလ်နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုဟာ လစ်ချင်စတိန်းကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း နောက်ထပ် သမိုင်းမှတ်တမ်းတွေ ရယူနိုင်ခဲ့ပါတယ်။

နည်းပြသစ် ရောဘတ်တို မာတီနက်ဇ် လက်အောက် ပထမဆုံးပွဲမှာ ရော်နယ်ဒိုဟာ သွင်းဂိုး ၂ဂိုးနဲ့အတူ ယူရို ၂၀၂၄ ခြေစစ်ပွဲရာသီကို ပြီးပြည့်စုံစွာ စတင်ခ့ပါတယ်။ ကန်ဆယ်လိုနဲ့ ဘာနာဒိုဆေးဗားတို့ကလဲ ဂိုးပေါက်အသီးသီး တွေ့ခဲ့ကြတာပါ။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ပေါ်တူဂီအတွက် ၁၉၇ ပွဲမြောက် စီနီယာပွဲစဉ်ကို ကစားခဲ့တာဖြစ်ပြီး ဒါဟာ နိုင်ငံတကာ ဘောလုံးသမိုင်းမှာ ပွဲအများဆုံး စံချိန် ဖြစ်လာပါတယ်။

ဒါတင်မကသေးပါဘူး။ ရော်နယ်ဒိုဟာ ဒီသွင်းဂိုး ၂ဂိုးနဲ့အတူ နိုင်ငံတကာပြိုင်ပွဲသွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမားလဲ ဖြစ်လာတာပါ။

ဒါ့အပြင် သူဟာ ပေါ်တူဂီအတွက် နှစ် ၂၀ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။ သူဟာ ပေါ်တူဂီအတွက် စုစုပေါင်း ဂိုး၁၂၀ သွင်းယူပေးခဲ့တာဖြစ်ပြီး အမျိုးသား နိုင်ငံတကာဘောလုံးသမိုင်းမှာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်စေခဲ့တာပါ။

သူ့ရဲ့နောက်မှာ အီရန်ရဲ့ အလီဒယ်အီကက ၁၀၉ဂိုးနဲ့ ဒုတိယ၊ မက်ဆီက ၉၈ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ပွဲအပြီးမှာ ရော်နယ်ဒိုက “စံချိန်တွေက အမြဲတမ်း အပြုသဘောဆောင်တယ်။ ဒါက ကျွန်တော့်အတွက် တွန်းအား တစ်ခုပါပဲ။ စံချိန်တွေချိုးရတာ ကြိုက်တယ်။

ကျွန်တော့်မှာ စံချိန်တွေ အများကြီးရှိပေမယ့် မနက်ဖြန်ကလဲ ထူးခြားတဲ့ စံချိန်တစ်ခုပါ။ သမိုင်းတလျှောက် ပွဲအများဆုံး ကစားရတဲ့သူဖြစ်တာက ဂုဏ်ယူစရာကောင်းတယ်။ အနာဂတ်မှာလဲ နောက်ထပ်အများကြီး လိုချင်ပါသေးတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။