မက်ဆီနဲ့ ရော်နယ်ဒို နှစ်ယောက်ထဲ ဘယ်သူက ဖရီးကစ် ကန်တာ ပိုကောင်းလဲ ဂျာအို ဖီးလစ် ရွေးချယ်ခဲ့တာ အံ့သြစရာပါ
ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးပြိုင်ဘက်တွေဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ တိုက်တိုက်ဆိုင်ဆိုင် မနေ့က တစ်နေ့တည်းကန်တဲ့ပွဲမှာပဲ ဖရီးကစ်ဂိုး ကိုယ်စီသွင်းနိုင်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးကြားမှာတော့ မရည်ရွယ်ပဲနဲ့ကို ပြိုင်ဆိုင်နေသလိုဖြစ်ခဲ့ရကာ ဘယ်သူ့ရဲ့ သွင်းဂိုးက ပိုကောင်းလဲဆိုတာကို နှစ်ဖက်ပရိသတ်တွေကလည်း အပြိုင်အဆိုင် အဖြေထုတ်ခဲ့ကြပါတယ်။
စီရော်နယ်ဒိုက လက်ချင်စတိန်းနဲ့ ယူရိုခြေစစ်ပွဲမှာ တည်ကန်ဘောတွေကချည်း ၂ ဂိုးသွင်းခဲ့ကာ တစ်ဂိုးက ဖရီးကစ် တိုက်ရိုက် ကန်သွင်းမှုကပါ။ အဲဒီပေါ်တူဂီစူပါစတားဟာ မကြာသေးခင် ရက်ပိုင်းက အယ်နာဆာအတွက်လည်း ဖရီးကစ်ဂိုးသွင်းခဲ့သေးလို့ ဖရီးကစ်ကနေ ၂ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက် နာရီအနည်းငယ် အကြာမှာ ကစားတဲ့ ပနားမားနဲ့ခြေစမ်းပွဲမှာလည်း မက်ဆီက သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ ၈၀၀ မြောက်ဂိုးကို ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာပါ။
နှစ်ယောက်စလုံးကတော့ သူတို့ရဲ့ကစားသမားဘဝမှာ ဖရီးကစ် အကန်ကောင်းသူတွေ ဖြစ်ခဲ့ကြပါတယ်။ စီရော်နယ်ဒိုဆို ကစားသမားဘ၀ ဖရီးကစ်ဂိုးအရေအတွက် ၆၀ ရှိပြီး မက်ဆီကတော့ သူ့ကစားသမားဘဝမှာ ဖရီးကစ်ကနေ ၆၃ ဂိုးသွင်းထားတာပါ။
ဒီအချိန် ဆိုရှယ်မီဒီယာထက်မှာ စီရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူက ဖရီးကစ်ကန်ပိုကောင်းတယ်ဆိုတာ ချဲလ်ဆီးကြယ်ပွင့် ဂျာအိုဖီးလစ်က ရွေးတဲ့ ဗီဒီယိုဖိုင် အပိုင်းအစလေး တက်လာပါတယ်။
ဘယ်အချိန်က ရိုက်ထားမှန်းမသိတဲ့ အဲဒီဗီဒီယိုဖိုင်ထဲမှာတော့ ဂျာအိုဖီးလစ်က မက်ဆီလို့ ဖြေခဲ့တာပါ။ ဂျာအိုဖီးလစ်ဟာ လက်ချင်စတိန်းနဲ့ပွဲက ပေါ်တူဂီ တိုက်စစ်မှာ အတူပွဲထွက်ကန်ခဲ့တဲ့ စီရော်နယ်ဒိုကိုကျော်ပြီး မက်ဆီကို ရွေးခဲ့တာဟာ အံ့သြစရာဖြစ်သွားတယ်။
ဖရီးကစ်ကန်တာနဲ့ ပတ်သက်လို့ သူ့အိုင်ဒေါကို ကျော်ပြီး မက်ဆီကို ဂျာအိုဖီးလစ်ရွေးခဲ့တဲ့ အတွက် အာဂျင်တီးနားနဲ့ မက်ဆီ ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာထက်မှာ နိုင်ကွက်တစ်ခုလို ပြောနေကြပါတယ်။