မန်ယူအသင်း ပိုင်ရှင်သစ်ဖြစ်လာဖို့ အယ်လ်သာနီ နီးစပ်နေပြီ၊ ဂလေဇာတို့ တောင်းဆိုတဲ့ ဈေးပေးဖို့ သဘောတူညီမှု ရ
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ပိုင်ရှင် အပြောင်းအလဲ ဖြစ်လာဖို့ နီးစပ်နေပြီး အခု ကာတာသန်းကြွယ်သူဌေး အယ်လ်သာနီက ဂလေဇာမိသားစု တောင်းဆိုတဲ့တန်ဖိုးအတိုင်း ပေးချေဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သတင်းထွက်နေပါတယ်။
လက်ရှိအချိန်မှာ မန်ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် ‘ဆာ’ဂျင်ရက်ကလစ်ဖ်နဲ့ ကာတာ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သူ အယ်လ်သာနီတို့ အပြိုင်ကြိုးပမ်းနေပြီး အခု နှစ်ယောက်စလုံးက ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။
မကြာသေးခင်က ဖင်လန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် သောမတ်စ်ဇီလီယာကပ်စ်က ဂျင်ရက်ကလစ်ဖ်၊ အယ်လ်သာနီတို့ အပြိုင် ယူနိုက်တက်ကို ဝယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပါတယ်။

သောမတ်စ်ဇီလီယာကပ်စ်ဟာ ယူနိုက်တက် အသင်းအတွက် ဂလေဇာမိသားစု သတ်မှတ်ထားတဲ့ ဈေးနှုန်းထဲက တစ်ဝက်ကို သူ့ကိုယ်ပိုင်ငွေနဲ့ ပေးချေသွားမှာဖြစ်ပြီး ကျန်တဲ့(၅၀%)ကို ယူနိုက်တက်ပရိသတ်တွေဆီကနေ ငွေကြေးကောက်ခံပြီးတော့ ပေးသွားမှာဖြစ်တယ်လို့ ကမ်းလှမ်းခဲ့တာကြောင့် ဂလေဇာမိသားစုက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဂျင်ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ INEOS ကုမ္ပဏီဟာ ပေါင်(၄.၃)ဘီလီယံနဲ့ စတင် ကမ်းလှမ်းခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ ပေါင်(၅)ဘီလီယံပမာဏနဲ့ တိုးမြှင့်ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ အယ်လ်သာနီရဲ့ ကာတာစီးပွားရေးအဖွဲ့က ဂလေဇာမိသားစု လိုချင်တဲ့ ပမာဏအတိုင်း ပေါင်(၆)ဘီလီယံ ဝန်းကျင်နဲ့ ဒုတိယအကြိမ်ကမ်းလှမ်းလိုက်တာကြောင့် ဂျင်ရက်ကလစ်ဖ်ကို ကျော်ဖြတ်ပြီး ယူနိုက်တက်အသင်းကို ဝယ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ Sportico အားကစားဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
ကာတာစီးပွားရေးအဖွဲ့တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့တစ်ပတ်က အိုးလ်ထရက်ဖို့ဒ်ကို လာရောက်ပြီး ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့သလို သူတို့ တင်ပြတဲ့စီမံကိန်းတွေအပေါ် ယူနိုက်တက်တာဝန်ရှိသူတွေက ကျေနပ်အားရမှုရှိတယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဂန္ထဝင် ကစားသမားတချို့က အသင်းကို ဝယ်ယူဖို့ ဂျင်ရက်ကလစ်ဖ် ကြိုးစားနေတဲ့အပေါ် အားပေးထောက်ခံနေကြပေမယ့် ဂျင်ရက်ကလစ်ဖ်က ဂလေဇာမိသားစု လိုချင်တဲ့ဈေးအတိုင်း ပေးမှာမဟုတ်ဘူးဆိုပြီး မကြာသေးခင်က ဖွင့်ဟပြောဆိုခဲ့တာကြောင့် ယူနိုက်တက်ကို ဝယ်ယူရေးပြိုင်ပွဲမှာ အယ်လ်သာနီရဲ့ ကာတာ စီးပွားရေး လုပ်ငန်းက အသာရမယ့် အခြေအနေရှိနေပြီ ဖြစ်ပါတယ်။