နယူးကာဆယ်နဲ့ ပွဲ မတိုင်ခင် မန်ယူ နည်းပြ တန်ဟက် အတွက် သတင်းကောင်း၊ ရပ်ရှ်ဖို့ဒ် ပြန်လာပါပြီ။

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ တနင်္လာနေ့က အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်တာကြောင့် လာမယ့်တစ်ပတ်ကျရင် နယူးကာဆယ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိနေပါပြီ။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ နိုင်ငံတကာ ရက် သတ္တပတ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ FA ဖလားပွဲမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲချိန်(၈၃)မိနစ်မှာ လူစားလဲ ခံခဲ့ရပါတယ်။

အဲဒီဒဏ်ရာကြောင့်ပဲ ယူရို-၂၀၂၄ ခြေစစ်ပွဲအဖြစ် အီတလီ၊ ယူကရိန်းတို့နဲ့ကစားခဲ့တဲ့ပွဲတွေအတွက် အင်္ဂလန်အသင်း လူစာရင်းကနေ ရပ်ရှ်ဖို့ဒ် နုတ်ထွက်ခဲ့ပါတယ်။

တနင်္လာနေ့က ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ရပ်ရှ်ဖို့ဒ်တစ်ဦးတည်း အပြေးလေ့ကျင့်နေပြီး အခုလောလောဆယ် အပေါ့စား လေ့ကျင့်ခန်းသာပြုလုပ်နေသလို ကြံ့ခိုင်မှုပြည့်ဝဖို့အတွက်သာ အဓိက အာရုံစိုက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေ၊ မြန်မာစံတော်ချိန် ည(၁၀:၀၀)နာရီကျရင် နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲကျပ်ကစားရမှာဖြစ်ပြီး ရပ်ရှ်ဖို့ဒ် ပါဝင်ကစားနိုင်ဖို့ နည်းပြအဲရစ်တန်ဟက်က မျှော်လင့်နေပါတယ်။

ယူနိုက်တက်အသင်းမှာ ဗန်ဒီဘိခ်၊ အဲရစ်ဆင်၊ ဂါနာချို၊ မာစီယဲလ်တို့ဟာ ဒဏ်ရာကြောင့် အသင်းအတွက် မကစားနိုင် သလို အဓိကကွင်းလယ်လူ ကတ်စ်မဲရိုးကလည်း ပွဲပယ် ပြစ်ဒဏ်အရ နယူးကာဆယ်နဲ့ပွဲကျရင် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

မန်ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက် မရှိတော့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဓိက ပြိုင်ဘက် ဖြစ်လာနေတဲ့ နယူးကာဆယ်နဲ့ပွဲမှာ အမှားလုပ်လို့မရတာကြောင့် အဲဒီပွဲမတိုင်ခင်

ရပ်ရှ်ဖို့ဒ် လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာက အဲရစ်တန်ဟက်အတွက် သတင်းကောင်းဖြစ်စေပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ မယုံနိုင်လောက်အောင် ခြေစွမ်းပြဂိုးတွေသွင်းနေပြီး (၄၄)ပွဲကစား၊ (၂၇)ဂိုးအထိ သွင်းယူခဲ့ပါတယ်။