ပေါ်တာ ထုတ်ခံရရင် ဘိုင်ယန်နည်းပြဟောင်း နာဂယ်စ်မန်း က ချဲလ်ဆီးကို တကယ် ရောက်လာနိုင်လား
ဂျူလီယန် နာဂယ်စ်မန်းဟာ ချဲလ်ဆီးအသင်းက ဂရေဟမ် ပေါ်တာရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့် စာရင်းထဲမှာ ပါဝင်နေပေမယ့်လည်း ယခုရာသီမှာ နည်းပြအလုပ်ကို ပြန်လည် လုပ်ဆောင်သွားဖွယ် မရှိဖို့များတယ်လို့ ဂျာမနီက သတင်းတွေအရ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ စနေနေ့က အက်စတန် ဗီလာကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဂရေဟမ်ပေါ်တာရဲ့ အနာဂတ်ဟာ နောက်ထပ် မရေမရာ မသေချာမှုတွေပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ယခုရာသီ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပြီး ပေ့ါတားရဲ့အသင်းဟာ အဆင့် ၄ နေရာက စပါးစ်နဲ့ ၁၁ မှတ်အကွာမှာ ရပ်တည်ခဲ့ရပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နယူးကာဆယ်လ် ယူနိုက်တက်နဲ့ ဘရိုက်တန်တို့က ကစားဖို့ ကျန်ရှိနေသေးတဲ့ ၂ ပွဲမှာ အနိုင် ရရှိခဲ့မယ်ဆိုရင် စပါးစ်ကို ကျော်တက်နိုင်မှာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ပွဲအပြီးမှာတော့ ဗီလာကို ရှုံးနိမ့်ခဲ့မှုအတွက် ပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ရရှိခဲ့တာဖြစ်ပါတယ်။
Sky Germany ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းထိပ်ပိုင်း တာဝန်ရှိသူတွေဟာ နောက်ကွယ်မှာ ပေါ်တာ ကို ဆက်လက် အားပေး ထောက်ခံနေပေမယ့်လည်း နာဂယ်စ်မန်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းရဲ့ ပစ်မှတ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။
Sky Germany သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က ကွန်တီကို ပြီးခဲ့တဲ့အပတ်မှာနည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ စပါးစ်က အခုအချိန်မှာ နာဂယ်စ်မန်းအတွက် ရွေးချယ်စရာမဟုတ်ဘဲ အသက် ၃၅ နှစ်အရွယ် နည်းပြဟာ အလုပ်သစ်ကို ချက်ချင်း လက်ခံသွားဖွယ် မရှိဖို့ များတယ်လို့ ပြောကြားခဲ့ပါတယ်။