လူစားလဲခံရလို့ ကြမ်းနေတဲ့ မာတီနက်ဇ် ကို မန်ယူ ပရိသတ်တွေ အပြစ်မမြင်ဘဲ ဘယ်သူ့ကို အပြစ်တင်လဲ
မန်ချက်စတာယူနိုက်တက် အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ လူစားလဲ ခံခဲ့ရပြီး တဲ့နောက် ဒေါသပေါက်ကွဲပြီးတော့ အရန်ခုံကို လက်နဲ့ရိုက်ပုတ်တဲ့အထိဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ဒီပွဲမှာ နယူးကာဆယ်ကို ၂-ဝ နဲ့ ရှုံးခဲ့ရတာပါ။ အသင်းသား အများစု ခြေစွမ်း မပြနိုင်ချိန်မှာ မာတီနက်ဇ်က အကောင်းဆုံး လုပ်ဆောင်နေပေမယ့် တန်ဟက် က လူစားလဲခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီရာသီ ယူနိုက်တက်ခံစစ်မှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ အခု နယူးကာဆယ်နဲ့ပွဲမှာ တိကျတဲ့ ဘောလုံးပေးပို့မှု (၈၁%)၊ ဘောလုံးထိချက် (၆၅)ကြိမ်၊ မြေပြင်မှာ ပြိုင်ဘက်ကို တစ်ယောက်ချင်း ကျော်ဖြတ်နိုင်မှု (၅)ကြိမ်၊
Tackles လုပ်နိုင်တဲ့အကြိမ်ပေါင်း (၄)ကြိမ်၊ တိကျတဲ့ အဝေးဘောပေးမှု (၄)ကြိမ်၊ ဘောလုံးရှင်းထုတ်နိုင်မှု (၃)ကြိမ်၊ Blocks (၂)ကြိမ်၊ ကြားဝင်လုယူနိုင်မှု (၂)ကြိမ်၊ ဘောလုံးဆွဲပြေးမှု (၁)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်အနေနဲ့ ပုံမှန်စွမ်းဆောင်ရည်ပြသနိုင်ပေမယ့် နည်းပြအဲရစ်တန်ဟက်က ပွဲပြီးခါနီး(၈၃)မိနစ်မှာ သူနဲ့ ဗာရန်းတို့ကို အံ့အားသင့်စရာကောင်းအောင် တစ်ပြိုင်နက် လူစားလဲခံခဲ့ရတာပါ။
အဲဒီအတွက် လီဆန်ဒရိုမာတီနက်ဇ်က ဒေါသပေါက်ကွဲပြီးတော့ အရန်ခုံကို လက်နဲ့ရိုက်ပုတ်ခဲ့တာကြောင့် နည်းပြ အဖွဲ့ဝင်တစ်ဦးက ဖျောင်းဖျခဲ့ရပါတယ်။
ဒါပေမဲ့လည်း ယူနိုက်တက်ပရိသတ်တွေကတော့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ အပြုအမူအပေါ် အပြစ်မမြင်ဘဲ သူနဲ့ ဗာရန်းတို့ကို လူစားလဲခဲ့တဲ့ နည်းပြအဲရစ်တန်ဟက်ကိုပဲ ဝေဖန်ပြစ်တင်နေကြပါတယ်။
ယူနိုက်တက်ပရိသတ်တွေက ‘မာတီနက်ဇ်ကို အရန်ခုံတန်းမှာ ဘယ်သူက မြင်ချင်မှာလဲ’၊
‘ယူနိုက်တက်အသင်း (၁-ဝ)ဂိုးနဲ့ရှုံးနေချိန်မှာ နည်းပြက လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့ကို တစ်ပြိုင်နက် လူစားလဲဖို့ လိုအပ်လား’၊
‘အဲရစ်တန်ဟက်ဟာ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့ နှစ်ယောက်စလုံးကို ဘာဖြစ်လို့လူစားလဲခဲ့ရတာလဲဆိုတာ ငါ့ကို တစ်ယောက်ယောက်လောက် လာရှင်းပြပေးပါလား . .’၊
‘ဒီလူစားလဲမှုက လုံးဝအဓိပ္ပါယ်မရှိပါဘူး။ မာတီနက်ဇ်ဟာ ဒီရာသီ အသင်းရဲ့ခံစစ်မှာ အကောင်းဆုံး ကစားနေသူ ဖြစ်ပါတယ်’၊ ‘အခု ရှုံးပွဲက အဲရစ်တန်ဟက်ရဲ့ အမှားတွေကြောင့်လည်းပါတယ်’လို့ Twitter မှာ ရေးသားခဲ့ပါတယ်။