မန်ချက်စတာဒါဘီမှာ ဆိုးရှား ပွဲထုတ်သင့်တဲ့ ကစားသမားတစ်ဦးကို ဂန္တဝင်ကြီးတွေ အကြံပေး
ဇွန်လမှာ စာချုပ်သက်တမ်းကုန်မယ့် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ချန်လှပ်ထားဖို့ မန်ချက်စတာ ယူနိုက်တက်မန်နေဂျာ ဆိုးရှားကို ပေါလ်စခိုးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အင်္ဂါနေ့က အတ္တလန္တာနဲ့ပွဲမှာ ဗန်ဒီဘိခ်တစ်ယောက် အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့တဲ့နောက် ဆိုးရှားအနေနဲ့ ပေါ့ဘာကို သူနဲ့ အစားထိုး ကစားလာနိုင်ဖွယ် ရှိပါတယ်။ ဗန်ဒီဘိခ်ဟာ ၈၇ မိနစ်မှာ လူစားဝင်ကစားခဲ့ရပြီး စိတ်အားထက်သန်မှုများစွာကို ပြသခဲ့သလို ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နောက်ဆုံး မိနစ် ချေပဂိုးနဲ့ ယူနိုက်တက်တို့ သရေပွဲ ရရှိအောင် ကူညီပေးခဲ့တာပါ။
လီဗာပူးပွဲမှာရတဲ့ အနီကဒ်ကြောင့် မန်ချက်စတာဒါဘီကိုလွဲမယ့် ပေါ့ဘာကတော့ အတ္တလန္တာနဲ့ပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့နောက် ၂၁ မိနစ်ကျန်ချိန်မှာ မာတစ်နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
ပြင်သစ်သားရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စခိုးက “အတ္တလန်တာပွဲမှာ ပေါ့ဘာက ပေါ့ပေါ့ပျက်ပျက် ဖြစ်နေခဲ့တယ်။ သွက်သွက်လက်လက်နဲ့ ဘောလုံးပေးကစားဖို့ သူ့ကို ပြောဆိုဆုံးမထားဖို့ လိုပါတယ်။
ထိပ်တန်းကစားသမားတွေအားလုံးရဲ့ နောက်မှာ အဲ့ဒီ့လို သင်ပြ ပြောပြပေးတဲ့ လူဆိုတာ ရှိတယ်။ ဘာလို့လဲဆိုတော့ ဘယ်ကစားသမားကမှ ပွဲတိုင်းမှာ ပြီးပြည့်စုံဖို့က မဖြစ်နိုင်ဘူးလေ။ ပေါ့ဘာကလည်း သူ့ကိုယ်သူ အဲ့ဒီ့လို သတိပေးဖို့ လိုတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်ကလည်း “ပေါ့ဘာက တချိန်လုံး သူ့ကို နောက်က လိုက်ပြောပေးမယ့်သူ တစ်ယောက်ယောက်ကို လိုတယ်။ သူ့နောက်မှာ အတွေ့အကြုံရင် ကစားသမားတွေကို လိုအပ်တယ်။ သူ့အသက် ဘယ်လောက်ရှိပြီလဲ။ ၂၈ နှစ်လား။ သူက ၃၅ နှစ်လောက် ရောက်ရင်တောင် ဒီလို ပေါက်တတ်ကရတွေ ဆက်လုပ်နေဦးမယ့် လူမျိုးပဲ။
နေ့တိုင်း ဒါတွေကို လူတွေမြင်ရပါတယ်။ ပေါလ်နဲ့ ပတ်သက်ပြီး အဓိက အရေးအကြီးဆုံးအရာက အာရုံစူးစိုက်မှု လိုနေတာပဲ။ သူက တချိန်လုံး ကြောင်တောင်တောင်နဲ့ မိုက်မိုက်ကန်ကန်း လျှောက်နေတာ”လို့ ဝေဖန်ခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ လွန်ခဲ့တဲ့ ၁၃ လက အေဂျက်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ယူနိုက်တက်မှာ အခွင့်အရေး မရရှိခဲ့ပဲ ပရီးမီးယားလိဂ် ၄ ကြိမ်သာ ပွဲထွက်ခွင့် ရခဲ့တာပါ။
ဖာဒီနန်က “သူက ဘောလုံး တချက်ထိ၊ နှစ်ချက်ထိ ကစားရတာ ကြိုက်တဲ့ ကစားသမား တစ်ယောက်လို့ ထင်ပါတယ်။ သူက ရိုးရိုးရှင်းရှင်း တခြားသူတွေ ခြေစွမ်းပြနိုင်အောင် သူ့ကိုယ်သူ စွန့်လွှတ် ကူညီပေးတတ်တဲ့ သူမျိုးပါ။ ဘယ်လို အသင်းကောင်းမှာမဆို ဒီလို ကစားသမားမျိုးတွေ လိုပါတယ်။ သူက တခြားကစားသမားတွေကို ပူးပေါင်းစေပြီး ပိုကောင်းကောင်း ကစားနိုင်စေမယ့် ကစားသမားတစ်ယောက်ပါ ” လို့ ဆိုခဲ့ပါတယ်။
ဆိုးရှားက စခိုးရဲ့ စကားကို နားထောင်ပြီး၊ ပေါ့ဘာကို ချန်လှပ်မယ်ဆိုရင်တော့ နယ်သာလန် ကွင်းလယ်လူဟာ ယူနိုက်တက်မှာ နေရာ တစ်နေရာ ရရှိသွားနိုင်တာ ဖြစ်ပါတယ်။