ချယ်ဆီးအသင်း အတွက် လမ်းပတ် ပြန်လာပါပြီ၊ နည်းပြ အဖြစ် ပြန် ကိုင်ပါတော့မယ်

ချယ်ဆီး အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်က သူ ချစ်ရတဲ့ ချယ်ဆီး အသင်းထံ တကျော့ပြန် နည်းပြအဖြစ် ပြန်လာတော့မယ်လို့ သိရပါတယ်။

ပိုင်ရှင်သစ် ရလာပြီးနောက် ချယ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ နည်းပြအပြောင်းအလဲ ၂ကြိမ် အထိ ပြုလုပ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရသေးပါဘူး။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စံချိန်တင် စာချုပ်ဖျက်သိမ်းကြေးနဲ့ ခေါ်ယူထားရတဲ့ နည်းပြ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းကို ရေရှည် ကိုင်တွယ်နိုင်မယ့် ထိပ်သီးနည်းပြ တဦးကို ရှာဖွေနေပါတယ်။

ချယ်ဆီး က ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်တို့ နှစ်ဦးထဲက တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် နည်းပြနှစ်ဦးစလုံးက လာမယ့် နွေရာသီရောက်မှ အသင်းကို စတင် တာဝန်ယူချင်နေတာကြောင့် ချယ်ဆီး ဟာ ရာသီကုန် အထိ တာဝန်ယူပေးမယ့် ယာယီနည်းပြ တဦးကို လိုအပ်နေခဲ့ပါတယ်။

ကနဦးမှာ ချယ်ဆီး ဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာရဲ့ လက်ထောက်နည်းပြ ဆောလ်တာကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဆောလ်တာရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့် အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ လမ်းပတ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ပြောင်းလဲ စီစဉ်ခဲ့ပြီး လမ်းပတ်ကလည်း ချယ်ဆီး ကို ကူညီပေးဖို့ သဘောတူခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လမ်းပတ်ကို ရာသီကုန် အထိ ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ချယ်ဆီး ဟာ လမ်းပတ်ကို ရာသီကုန် အထိသာ နည်းပြအဖြစ် ခန့်အထားမှာ ဖြစ်ကာ ရာသီကုန်ရင်တော့ နည်းပြအပြောင်းအလဲ ထပ်လုပ်မယ်လို့ သိရပါတယ်။