ဒီနွေမှာ မန်ယူထံ ပြောင်းလာဖို့ ဘယ်လင်ဟမ် ဆုံးဖြတ်နိုင်တဲ့ အဓိက အကြောင်းရင်း ၃ ချက်
အင်္ဂလန် ဆယ်ကျော်သက် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူရေးမှာ လီဗာပူးအသင်း နောက်ဆုတ်သွားခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက်ဟာ ရေပန်းစားမှု ထိပ်ဆုံး ၂ သင်းထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ နွေဦးစားပေးအဖြစ် ဘယ်လင်ဟမ်ကို ရွေးချယ်ခဲ့ပေမယ့် ကစားသမားအတွက် ပေါင် ၁၃၂ သန်းထိ ကျသင့်မယ့် ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်း မရှိပါဘူး။ လီဗာပူးအသင်း မပါတော့တဲ့နောက် ဘယ်လင်ဟမ်ကို ခေါ်ယူရေး ယူနိုက်တက်ဘက်က နာမည်စာရင်း ပါလာခဲ့ပါတယ်။
လက်တလောမှာ ဘယ်လင်ဟမ်ကို ခေါ်ယူရေးဖို့ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်၊ ပီအက်စ်ဂျီ၊ ချယ်ဆီးတို့က အပြိုင်အဆိုင် ဖြစ်လာဖွယ် ရှိနေပါတယ်။
ဂျာမာန်သတင်းဌာန BILD က ဖော်ပြရာမှာ ဘယ်လင်ဟမ်ဟာ အနာဂတ်အသင်းကို ငွေကြေးထက် ‘သိက္ခာ၊ ဂုဏ်သတင်းနဲ့ စိတ်ဆန္ဒပြင်းပြမှု’ ဆိုတဲ့ အချက် ၃ ချက်ဖြင့် ရွေးချယ်မယ်လို့ သိရတယ်။ ဘယ်လင်ဟမ်ဟာ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ချယ်ဆီး အသင်းတွေထံ မပြောင်းဖို့လည်း ဆုံးဖြတ်ထားကြောင်း အဆိုပါ သတင်းက ဖော်ပြပါတယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူ ပြောင်းနိုင်တဲ့ ကလပ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့ပဲ အဓိက ကျန်ရှိတော့တာ ဖြစ်ပါတယ်။ လာလီဂါကလပ်ဟာ ဘယ်လင်ဟမ်ကို ခေါ်ယူလိုပေမယ့် ကစားသမားအတွက် ပေါင် ၈၅ သန်းထက် ပိုပေးလိုခြင်း မရှိပြန်ပါဘူး။
အကယ်လို့ နည်းပြတန်ဟက် အနေနဲ့ ဘယ်လင်ဟမ်ကို သဘောကျတယ်ဆိုရင် ဗြိတိန်စံချိန်တင်ကြေးဖြစ်တဲ့ ပေါင် သန်း ၁၀၀ ပေး ဒါမှမဟုတ် ဒေါ့မွန် တောင်းဆိုတဲ့ ပမာဏကို ပေးပြီး ယူနိုက်တက်ထံ ခေါ်ယူခွင့်ရသွားမှာ ဖြစ်ပါတယ်။
နည်းပြတန်ဟက်ဟာ တိုက်စစ်နဲ့ ကွင်းလယ်ကို ဦးစားပေးဖို့ ဆုံးဖြတ်ထားကာ ဟယ်ရီကိန်း၊ ဘယ်လင်ဟမ် နှစ်ဦးကို ဒီနွေမှာ အရ ခေါ်ယူသွားနိုင်တာ ဖြစ်ပါတယ်။