သရေ ဆိုပေမယ့် ရှုံးသလို ဖြစ်ခဲ့ရပြီး ဆီဗီလာနဲ့ တွေ့တိုင်း မဟန်သေးတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဆီဗီလာနဲ့တွေ့တိုင်း တခုမဟုတ်တခု ပြသနာတွေဖြစ်ပြီး ရလဒ်တွေ မကောင်းတဲ့ အစဉ်အလာအတိုင်း ညက ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲ ပထမ အကျော့မှာ ထပ် ဖြစ်ခဲ့ပါတယ်။
မနေ့က အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲမှာ မန်ယူက ၂ ဂိုးအသာနဲ့ ဦးဆောင်နေရာကနေ ပွဲချိန်နောက်ဆုံးမိနစ်တွေ အတွင်းမှာ ကိုယ့်ဂိုး ကိုယ် ၂ ဂိုးပြန်သွင်းပြီး သရေကျသွားခဲ့လို့ ဒုတိယအကျော့ကို ရုန်းကန်ရတော့မှာပါ။
(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

ပိုပြီးတော့ ဆိုးရွားတာကတော့ ဒုတိယအကျော့ကို ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ခံရပြီး အားထားရတဲ့ နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်းတို့ ပါဝင်ကစားနိုင်မှာမဟုတ်တော့တာပါပဲ။ ဒါဟာ ဆီဗီလာကွင်းမှာ ယူနိုက်တက်တို့ မကန်ခင်က ရှုံးနှင့်နေပြီဆိုတဲ့ သဘောမျိုးတောင် သက်ရောက်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲကပါ ထွက်ခွာရတော့မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့ရပါပြီ။
ပထမပိုင်းမှာ ခြေစွမ်းအသာစီးနဲ့ ယူနိုက်တက်တို့ ကစားနိုင်ခဲ့ပြီး ဆာဘစ်ဇာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ မာရှယ်ကလည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပုံစံကောင်းပြသနိုင်ခဲ့ပြီး သူ့ရဲ့ တကိုယ်တော် စွမ်းဆောင်ရည်တွေက ယူနိုက်တက်အတွက် ဂိုးတွေရဖို့ဖြစ်နေခဲ့ကာ ပထမပိုင်းကို သက်တောင့်သက်သာကစားပြီး အနိုင်ရနေခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ တန်ဟက်ဂ်ရဲ့ လူစားလဲလှယ်မှုအမှားကနေ ပြသနာတွေ စတင်ခဲ့ပါတော့တယ်။ ဂိုးထပ်သွင်းဖို့ထက် ပွဲကို ထိန်းဖို့ပဲ တန်ဟက်ဂျ်က ရည်ရွယ်ခဲ့ပုံရကာ မက်ဂွိုင်းယား၊ အဲရစ်ဆန်၊ ၊ အီလန်ဂါ၊ ဝက်ဟော့စ်တို့ကို ဆက်တိုက်ထည့်သွင်းခဲ့ပြီးနောက် ကစားကွက်ပါ ပျက်သွားခဲ့ပြီး ဆီဗီလာရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်ခဲ့ရပါတော့တယ်။
ဒါကြောင့်လည်း မာလာစီယာက ၈၄ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြီး နာကျင်အချိန်ပိုမှာ မက်ဂွိုင်းယားကလည်း ကိုယ့်ဂိုးကိုယ်ထပ်သွင်းခဲ့ကာ ယူနိုက်တက်တို့ ၂ ဂိုးစီသရေနဲ့ ကျေနပ်လိုက်ရပါတယ်။
ဒီပွဲဟာ ယူနိုက်တက်အတွက်တော့ အရေးနိမ့်သလိုဖြစ်ခဲ့ရပြီး ဒုတိယအကျော့မှာ အားထားရတဲ့သူတွေမပါဝင်ဘဲ ကစားရတော့မှာဖြစ်ကာ ဆီဗီလာကို ရှုံးဖို့အတွက်ဆိုရင် ကြံဖန်ပြီးတော့ကို ပြသနာတွေဖြစ်နေသလားတောင် ထင်မှတ်ခဲ့ရပါပြီ။
မာလာစီယာနဲ့ မက်ဂွိုင်းယားကတော့ သရေပွဲအတွက် တရားခံတွေဖြစ်ခဲ့ရပြီး တန်ဟက် လည်း လူစားလဲခဲ့မှုတွေကြောင့် ဝေဖန်ခံနေရပါတယ်။ ဆီဗီလာကတော့ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ အနေအထားကနေ ကံကောင်းထောက်မခဲ့ပြီး ဆီမီးဖိုင်နယ်အတွက် မျှော်လင့်ချက် ပြန်ရှိလာခဲ့ပါတယ်။