ဖာနန်ဒက်စ် ကို ဇွတ်အတင်း အဝါကတ် ပြခဲ့တဲ့ ဒိုင်လူကြီးအား ပေါလ်စခိုး လှောင်ပြောင် ဝေဖန်

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ပေါ စခိုးလ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၂ ဆီဗီးလား ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်ကို လက်ထိဘောကြောင့် အဝါကတ် ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဆီဗီးလားတို့က ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဦးဆောင်ဂိုး ၂ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် တဖက် ၂ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

ထိုပွဲရဲ့ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ဖာနန်ဒက်က ဆီဗီးလား ကွင်းလယ်လူ ဂူဒက်ချ်ရဲ့ အဝေးကန်ချက်ကို တားဆီးဖို့ ကြိုးစားရာ ကနေ ဘောလုံးကို လက်နဲ့ ထိမိခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင် ဇာယာက အဆိုပါ လက်ထိဘောအတွက် ဖာနန်ဒက်ကို အဝါကတ် ပြသခဲ့ပါတယ်။

လက်ရှိမှာတော့ ဖာနန်ဒက် တယောက် အဝါကတ် ထိသင့် ၊ မထိသင့်နဲ့ ပတ်သတ်ပြီး အငြင်းအခုံတွေ ရှိနေကာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးလ်ကတော့ ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ပေါလ်စခိုးလ်က – “ဒီဆုံးဖြတ်ချက်က ရယ်စရာကြီးပါ။ (ဖာနန်ဒက်အား အဝါကတ် ပြသမှု) ကျွန်တော်ကတော့ ဒီပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်က အတော်လေး ဆိုးရွားတယ်လို့ ထင်ပါတယ်။ သူက ပြစ်ဒဏ်ဘော ဖြစ်တာနဲ့ အဝါကတ် တန်းပြတော့တာပါပဲ။

လက်ထိဘော အတွက် ပြစ်ဒဏ်ဘောပဲ ပေးဖို့ လိုတာပါ။ ဘရူနိုက အဲ့ဒီ ဘောလုံးကို တမင်တကာ လက်နဲ့ တားခဲ့တာမှ မဟုတ်ပဲ။ ကွင်းလယ်ဒိုင်ကလည်း ဘရူနိုနဲ့ ၃ပေလောက် အကွာမှာ ရှိနေခဲ့တာပါ” လို့ ကွင်းလယ်ဒိုင် ဇာယာကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အဝါကတ် ပြသခံခဲ့ရတာကြောင့် ဘရူနို ဖာနန်ဒက်က လာမယ့် အပတ်မှာ ယှဉ်ပြိုင် ကစားရမယ့် ဆီဗီးလားနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဒုတိယအကျော့ပွဲကို လွဲချော်တော့မှာ ဖြစ်ပြီး အဝါကတ် ပြသခံလိုက်ရတဲ့ အချိန်မှာ ဖာနန်ဒက်က အတော်လေး စိတ်ပျက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။