ချန်ပီယံရှစ်မှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းနေတဲ့ မန်ယူ လူငယ်လေးကို ပြန်ခေါ်ဖို့ ပရိသတ်တွေ တောင်းဆိုနေ

စနေနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ဆန်းဒါးလန်းအတွက် အနိုင်ဂိုးကို သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အာမက် ဒီယာလိုဟာ ဒီရာသီ ချန်ပီယံရှစ် သွင်းဂိုး ၁၂ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကနေပြီး အငှားထွက် သွားကစားနေတဲ့ အာမက်ဟာ အိမ်ရှင်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၇၅ မိနစ်မှာ တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းပြခဲ့တာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အလင်းရောင် ကွင်းကြီးမှာ ကစားခဲ့တဲ့ အဲဒီပွဲရဲ့ ပွဲချိန် ၇၅ မိနစ် အရောက်မှာ အသင်းဖော် ကလာ့ခ်ရဲ့ အကွက်မြင်မြင် ပို့ပေးတဲ့ ဘောလုံးကို အာမက်က ဘယ်ခြေနဲ့ အသာအယာ ဖမ်းထိန်းရင်း ဘာမင်ဂမ် အသင်း ပင်နယ်တီဧရိယာထဲကို ဆွဲဝင်လာပြီး နောက်ခံလူနှစ်ယောက်ကို လှည့်ထွက်ပြီးတဲ့နောက် အနိမ့်ဘော ကန်သွင်းခဲ့တာပါ။

ဒီသွင်းဂိုးဟာ အမိုက် စား သွင်းဂိုးတစ်ဂိုးဖြစ်ပြီး ပရီးမီးယားလိဂ် အဆင့်အတန်း ရှိတဲ့ သွင်းဂိုးမျိုး ဖြစ်နေပါတယ်။

ဆန်းဒါးလန်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံရှစ် အိမ်ကွင်း ၆ ပွဲမှာ ပထမဆုံး နိုင်ပွဲ ပြန်ရခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲဟာ အာမက်ရဲ့ သွင်းဂိုးကြောင့်လို့လည်း ဆိုနိုင်တဲ့ အနေအထားပါ။

အသက် ၂၀ အရွယ် အာမက်ကို မန်ယူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ စီးရီးအေကလပ် အတ္တလန္တာ အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ဝန်းကျင် ရှိတယ်လို့ သတင်းတချို့က ဖော်ပြပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကို ၅ နှစ်သက်တမ်း စာချုပ်နဲ့ ရောက်လာခဲ့တဲ့ အာမက်ဟာ သူ့ရဲ့ မန်ယူကစားသမားဘ၀ ပွဲဦးထွက်ကိုတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ ကစားခဲ့တဲ့ ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တာပါ။

အဲဒီနောက် စကော့တလန်ကလပ် ရိန်းဂျားကို အငှားနဲ့ သွားကစားခဲ့ပြီး လက်ရှိမှာတော့ ဆန်းဒါးလန်းအတွက် ကစား ပေးနေပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွက် ချန်ပီယံရှစ် တစ်လတာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ အာမက်ဟာ မန်ယူရဲ့ အဓိက ကစား သမားဖြစ်တဲ့ တိုက်စစ်မှူး အန်တိုနီနဲ့လည်း ကစားပုံချင်း ထပ်တူကျနေပါတယ်။

ဒါကြောင့် လာမယ့်ရာသီမှာတော့ အာမက်ကို မန်ယူဂျာစီနဲ့အတူ ပြန် ပြီး မြင်ရဖို့အတွက် သရဲနီ ပရိသတ်တချို့ တောင်းဆိုမှုတွေ လုပ်လာကြပြီ ဖြစ်ပါတယ်။